တရုတ်နိုင်ငံတွင် COVID ကြောင့် တစ်လကျော်အတွင်း လူ (၆၀,၀၀၀) နီးပါး သေဆုံးခဲ့ကြောင်း တရားဝင် ထုတ်ပြန်လာ

တရုတ်နိုင်ငံတွင် COVID ကြောင့် တစ်လကျော်အတွင်း လူ (၆၀,၀၀၀) နီးပါး သေဆုံးခဲ့ကြောင်း တရားဝင် ထုတ်ပြန်လာ
ဇန်နဝါရီ 15, 2023 | နိုင်ငံတကာသတင်း| Covid-19
By Mr John

 

တရုတ်နိုင်ငံတွင် တစ်လကျော်အတွင်း COVID နှင့် ဆက်နွယ်သည့် သေဆုံးမှု (၆၀,၀၀၀) နီးပါးရှိခဲ့ကြောင်း တရုတ်ကျန်းမာရေးအာဏာပိုင်များက ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၁၄) ရက်တွင် တရားဝင် ထုတ်ပြန်လာသည်။ 

တင်းကျပ်သည့် ကပ်ရောဂါတိုက်ဖျက်‌ရေး "zero-COVID" မူဝါဒအရ စည်းမျဥ်းကန့်သတ်ချက်များကို ဒီဇင်ဘာလအစောပိုင်းတွင် ရုတ်ချည်း ပယ်ဖျက်ခဲ့ပြီးနောက်ပိုင်း တရုတ်အစိုးရက ပထမဆုံးအကြိမ်အဖြစ် ‌သေဆုံးမှုအခြေအနေကို တရားဝင် ထုတ်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။

တရုတ်နိုင်ငံတွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၈) ရက်နှင့် ယခုနှစ် ဇန်နဝါရီလ (၁၂) ရက်အတွင်း COVID-19 ကြောင့် သေဆုံးသူ (၅၉,၉၃၈) ဦးရှိခဲ့ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင် National Health Commission လက်အောက်ရှိ Bureau of Medical Administration ၏ အကြီးအကဲ Jiao Yahui က သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောခဲ့သည်။

ထိုသေဆုံးမှုကိန်းဂဏန်းများမှာ ဆေးရုံ၊ ဆေးခန်းများတွင် မှတ်တမ်းတင်ထားသည့် သေဆုံးမှုများ သာဖြစ်ပြီး အမှန်တကယ် သေဆုံးသူအရေအတွက်မှာ ပိုများနိုင်ကြောင်း သိရသည်။ 

ဗိုင်းရပ်စ်ကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာဖြင့် သေဆုံးသူ (၅,၅၀၃) ဦးနှင့် ယခင်ကတည်းက ကျန်းမာရေး မကောင်းဖြစ်နေပြီး COVID ကူးစက်ခံရမှုကြောင့် သေဆုံးသူ (၅၄,၄၃၅) ဦးဖြစ်ကြောင်း တရုတ်ကျန်းမာ‌ရေးအာဏာပိုင်များက ဆိုသည်။

COVID-19 ရောဂါပြင်းထန်မှုကြောင့် ဆေးရုံတက်ရသည့် လူနာအရေအတွက် စတင်လျော့ကျလာပြီဟုလည်း ၎င်းတို့က ဆိုသည်။ 

တရုတ်ကျန်းမာရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ ဇန်နဝါရီလ (၅) ရက်နေ့တွင် ရောဂါပြင်းထန်၍ ဆေးရုံတက်ရသူ (၁၂၈,၀၀၀) ရှိခဲ့ရာမှ ဇန်နဝါရီလ (၁၂) ရက်နေ့ စာရင်းများအရ ဆေးရုံတက်နေရသူ (၁၀၅,၀၀၀) သို့ လျော့ကျလာခဲ့ကြောင်း သိရသည်။

တရုတ်အစိုးရက ကပ်ရောဂါစည်းမျဥ်းကန့်သတ်ချက်များ ဖြေလျှော့လိုက်ပြီးနောက် အများစုကို COVID စစ်ဆေးမှုများလည်း မရှိတော့ရာ ဇန်နဝါရီလ (၁၁) ရက်နေ့အထိ တရုတ်နိုင်ငံတဝန်း လူဦးရေ သန်း (၉၀၀) ခန့် ကူးစက်ခံထားရနိုင်ကြောင်း ပီကင်းတက္ကသိုလ် (Peking University) ၏ လေ့လာမှုက ဆိုသည်။ 

တရုတ်အာဏာပိုင်များက "zero-COVID" မူဝါဒ စွန့်လွှတ်ခဲ့ပြီးနောက် COVID ကူးစက်မှုနှင့်သေဆုံးမှု အခြေအနေကို လျှော့ပေါ့ထုတ်ပြန်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) က ပြောထားသည်။

တရုတ်နိုင်ငံတွင် လက်ရှိကူးစက်မှုလှိုင်း အတွင်း နေ့စဥ် လူ (၁) သန်း COVID-19 ကူးစက်ခံရပြီး လူ (၅,၀၀၀) သေဆုံးဖွယ်ရှိကြောင်း လန်ဒန်အခြေစိုက် အချက်အလက် လေ့လာဆန်းစစ်မှုကုမ္ပဏီ Airfinity Ltd. က ပြောထားပြီး အခြေအနေမှာ လေ့လာဆန်းစစ်မှုထက် ပို၍ပင် ဆိုးရွားနိုင်သည်ဟု ဒီဇင်ဘာလအတွင်း ခန့်မှန်းခဲ့သည်။ 

တရုတ်အစိုးရ၏ COVID ကိန်းဂဏန်းများ ထုတ်ပြန်မှုအပေါ် မယုံကြည်မှုများနှင့် မေးခွန်းထုတ်မှုများလည်း ရှိနေခဲ့သည်။

Chinese Center for Disease Control and Prevention မှ ကူးစက်ရောဂါပညာရှင်ဟောင်း Zeng Guang က တရုတ်နိုင်ငံတွင် COVID ကူးစက်မှုလှိုင်း အထွတ်အထိပ်သို့ ရောက်ရှိနေခြင်းမှာ (၂) လမှ (၃) လကြာမြင့်မည်ဟု ခန့်မှန်းခဲ့ပြီး ဆေးကုသမှုအရင်းအမြစ် ရှားပါးသည့် ကျေးလက်ဒေသများသို့ မကြာမီ ပျံ့နှံ့သွားမည်ဟု ပြောထားသည်။

ဇန်နဝါရီလ (၂၁) ရက်တွင် စတင်မည့် တရုတ်နှစ်သစ်ကူး အားလပ်ရက်များတွင် လူဦးရေ သန်းနှင့်ချီ၍ ၎င်းတို့၏ ဇာတိမြို့များသို့ ခရီးသွားမှုကြောင့် ကျေးလက်ဒေသများတွင် ကူးစက်မှုများ တစ်ဟုန်ထိုးမြင့်တက်လာမည်ဟု Zeng က ခန့်မှန်းထားကြောင်း တရုတ်ပြည်တွင်းမီဒီယာ Caixin က ဇန်နဝါရီလ (၁၂) ရက်တွင် ဖော်ပြသည်။

Source: AFP, Reuteres, Bloomberg