၅၀၅-က ဖြင့် လွတ်ပေးသူများတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းတစ်ခုလုံးအနေဖြင့် (၃)ဦးသာ ပါဝင်

၅၀၅-က ဖြင့် လွတ်ပေးသူများတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းတစ်ခုလုံးအနေဖြင့် (၃)ဦးသာ ပါဝင်

 အာဏာသိမ်းစစ်ကောင်စီက ၅၀၅-က ဖြင့် ဖမ်းဆီးထောင်ချထားသူများထဲက (၂,၁၅၃)ဦးကို ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် ပြစ်ဒဏ်လွတ်ငြိမ်းပေးရာတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း တစ်ခုလုံးအနေဖြင့် (၃)ဦးသာ ပါဝင်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အနေဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း  ညောင်ရွှေအကျဉ်းထောင်မှ (၄၆)ဦး၊   ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း သီပေါအကျဉ်းထောင်မှ (၃)ဦး နှင့် လားရှိုးအကျဉ်းထောင်မှ(၁၃)ဦး၊ ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း ကျိုင်းတုံအကျဉ်းထောင်မှ(၃)ဦးတို့ကို ပြန်လည် လွတ်ပေးလာခြင်းဖြစ်သည်။



၂၀၂၃ခုနှစ် မေလ(၃)ရက်နေ့က ကျိုင်းတုံအကျဉ်ထောင်မှ လွတ်လာသူ (၃)ဦးမှာ ကျိုင်းတုံမြို့မှ  ကျိုင်းတုံဟစ်တိုင် Facebook Group ၏ Admin ဖြစ်သူ ကိုသီဟ(ခေါ်)ကိုကျော်သီဟ၊ တာချီလိတ်မြို့မှ မူလတန်းပြ ကျောင်းဆရာ ကိုအောင်ကိုကို နှင့် ပုန်းထွန်ရပ်ကွက်မှ မသန်းသန်းထွေးတို့ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ပြီး ၎င်းတို့သည် လွတ်ရက် (၆)လဝန်းအလိုတွင် ယခုလို လွတ်ငြိမ်းဖြင့် ပြန်လည် လွတ်မြောက်လာကြခြင်း ဖြစ်သည်။

တာချီလိတ်မြို့မှ မူလတန်းပြ ကျောင်းဆရာ ကိုအောင်ကိုကို နှင့် ပုန်းထွန်ရပ်ကွက်မှ မသန်းသန်းထွေးကို တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ညီညီဌေးက ဖမ်းဆီးကာ တရားလိုပြုလုပ်ပြီး ၂၀၂၁ခုနှစ်၏ စက်တင်ဘာလနှင့်အောက်တိုဘာလအတွင်းတို့က တရားစွဲတင်ခဲ့ပြီးနောက် ထောင်ဒဏ် (၃)နှစ်စီ ကျသွားခဲ့ရခြင်းဖြစ်သည်။

ကျိုင်းတုံမြို့မှ ကိုသီဟ(ခေါ်)ကိုကျော်သီဟကိုလည်း စရဖ/စရတ(စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့)မှ တပ်ကြပ်ကြီး မိုးကျော်(တပ်/၂၈၈၁၁၉ )က ဖမ်းဆီးပြီး တရားလိုပြုလုပ်ကာ တရားစွဲတင်သည့်အတွက် ထောင်ဒဏ်(၃)နှစ် ကျခဲ့ရခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၅၀၅-က ဖြင့် ဖမ်းဆီးထောင်ချထားသူများကို လွတ်ပေးရာတွင် လွတ်ရက်စေ့ကာနီး (၆)လ အောက်များကိုသာ စိစစ်ရွေးချယ်ပြီး လွတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

"အခုက လျှော့ရက်အပြီးအစီး လွတ်ဖို့ (၆)လ နဲ့ (၂)ရက် ကျန်လည်းမရဘူး မလွတ်ဘူး။ လွတ်ခါနီး (၆)လအတိကနေ (၆)လအောက်တွေကိုပဲ လွတ်ပေးတာ။"ဟု ရှမ်းပြည်တောင်ပိုင်းမှ ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောပြသည်။



၅၀၅-က ဖြင့် ဖမ်းဆီးထောင်ချထားသူများထဲက (၂,၁၅၃)ဦးကို လွတ်ပေးလာရာတွင် ကချင်ပြည်နယ်မှ (၁၄)ဦး၊ ကယားပြည်နယ်မှ(၁၀၁)ဦး၊ ကရင်ပြည်နယ်မှ (၉)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၄၇)ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ (၄၉)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ (၄၅၀)ဦး၊ မကွေးတိုင်းဒေသကြီးမှ (၉၄)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၉၁၁)ဦး၊ မွန်ပြည်နယ်မှ (၂၆)ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ (၃၃၉)ဦး၊ ရှမ်းပြည်နယ်မှ (၆၅)ဦးနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ (၄၈)ဦး ပါဝင်ပြီး ၎င်းတို့သည် လျှော့ရက်များ နှုတ်အပြီး လွတ်ရက်စေ့ကာနီး ရက်ကျန် (၆)လ အောက်များသာဖြစ်သည်။

 

 

Ko Zaung is the editor-in-chief of Tachileik News Agency.