မြန်မာ့အကျပ်အတည်းကို တုန့်ပြန်ရေး ကုလအထူးသံတမန် နိုလင်းဟေဇာ တရုတ်ကို သွားရောက်

မြန်မာ့အကျပ်အတည်းကို တုန့်ပြန်ရေး ကုလအထူးသံတမန် နိုလင်းဟေဇာ တရုတ်ကို သွားရောက်
By Mr John

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် နိုလင်းဟေဇာက မြန်မာ့အကျပ်အတည်းကို တုံ့ပြန်ရာတွင် ဒေသတွင်း စည်းလုံးညီညွတ်မှု ခိုင်မာအားကောင်းစေရန် တရုတ်နိုင်ငံသို့ ယခုသီတင်းပတ်အတွင်း ခရီးစဥ်သွားရောက်ခဲ့ကြောင်း  ၂၀၂၃ ခုနှစ် မေလ (၃)ရက်နေ့တွင် ကုလသမဂ္ဂက သတင်းထုတ်ပြန်သည်။ 

နိုလင်းဟေဇာ၏ တရုတ်ခရီးစဥ်အတွင်း မြန်မာနိုင်ငံတွင် ဘက်ပေါင်းစုံ အကျပ်အတည်း ဖြစ်ပေါ်နေမှုကို ဖြေရှင်းရာ၌ ဒေသတွင်း နိုင်ငံများ၏ အရေးပါသော အခန်းကဏ္ဍကို အလေးပေး ပြောကြားခဲ့ကြောင်း ဖေါ်ပြထားသည်။

မေလ (၁) ရက်မှ (၂) ရက်အထိ ခရီးစဥ်အတွင်း ကုလသမဂ္ဂ အထူးသံတမန် နိုလင်းဟေဇာက တရုတ်နိုင်ငံ၏ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး Qin Gang ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှရေးရာ အထူးသံတမန် Deng Xijun တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာပဋိပက္ခ အရှိန်မြင့် ပြင်းထန်လာခြင်းနှင့် ဒေသတွင်း ဂယက်ရိုက်ခတ်မှုကို တားဆီးရန် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ချင့်ချင့်ချိန်ချိန်နှင့် လက်တွေ့ကျကျ လုပ်ဆောင်ရမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang က ပြောခဲ့ကြောင်း ကုလသမဂ္ဂ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကုလသမဂ္ဂ အထူးသံတမန်က ၎င်း၏ လုပ်ပိုင်ခွင့်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်မှုအတွက် အသိအမှတ်ပြုကြောင်းနှင့် အထူးသံတမန်၏ အခန်းကဏ္ဍကို တရုတ်က အားပေးထောက်ခံကြောင်းလည်း Qin Gang က အလေးအနက် ပြောခဲ့သည်ဟု ဆိုသည်။

နိုလင်းဟေဇာကလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံဖြစ်မှု အပါအဝင် ကုလသမဂ္ဂတွင် တရုတ်နိုင်ငံ၏ အရေးပါသော အခန်းကဏ္ဍကို အလေးထား ပြောခဲ့သည်။

မြန်မာပြည်သူများ၏ အကျိုးစီးပွားအတွက် ငြိမ်းချမ်းစွာဖြေရှင်းရေး၊ သက်ဆိုင်သူအားလုံးပါဝင်သော အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ထောက်ပံရေးတို့တွင် အာဆီယံကို ဗဟိုပြု၍ ဆောင်ရွက်ခြင်းကို ဆက်လက် အားပေးထောက်ခံကြောင်းလည်း နိုလင်းဟေဇာက ပြောခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လက်ရှိဖြစ်ပေါ်နေသည့် မြန်မာအကျပ်အတည်းကို နိုင်ငံတကာက အားသွန်ခွန်စိုက် တုံ့ပြန်ရာတွင် အကြမ်းဖက်မှု ရပ်တန့်ရေး၊ အရပ်သားများကို ကာကွယ်ရေးနှင့် မြန်မာနိုင်ငံတွင် တည်ငြိမ်မှုရှိရေးတို့အတွက် ဩဇာလွှမ်းမိုးနိုင်သော အိမ်နီးချင်းနိုင်ငံများ ပါဝင်သည့် စည်းလုံးညီညွတ်သော ဒေသတွင်း ကြိုးပမ်းအားထုတ်မှုတစ်ရပ် လိုအပ်သည်ဟု နိုလင်းဟေဇာက အလေးထား ပြောခဲ့သည်။

အကြမ်းဖက်မှု လျှော့ချရေး၊ မြန်မာပြည်သူများ၏ ဆန္ဒနှင့် လိုလားမှုများအတိုင်း ရေရှည်တည်တံ့သည့် နိုင်ငံရေးအဖြေတစ်ရပ်ရရှိရေး ငြိမ်းချမ်းပြီး အားလုံးပါဝင်သည့် လုပ်ငန်းစဥ်တစ်ရပ် ရှာဖွေရန်အတွက် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ချမှတ်ထားသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် 2669 (2022) နှင့်အညီ အထူးသံတမန်အနေဖြင့် အာဆီယံ အထူးသံတမန်နှင့် ဆက်လက်၍ အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကုလသမဂ္ဂ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။