ရှမ်း - ကယားနယ်စပ်ရှိ မြို့(၄)မြို့တွင် တိုက်ပွဲ ပြင်းထန်နေပြီး လွိုင်ကော်မြို့ကို စစ်ကောင်စီက မာရှယ်လောထုတ်ထား

ရှမ်း - ကယားနယ်စပ်ရှိ မြို့(၄)မြို့တွင် တိုက်ပွဲ ပြင်းထန်နေပြီး လွိုင်ကော်မြို့ကို စစ်ကောင်စီက မာရှယ်လောထုတ်ထား
နိုဝင်ဘာ 11, 2023 | 2021 Military Coup| ကယား

 

ရှမ်း - ကယားနယ်စပ်ရှိ မြို့နယ်(၄)မြို့ဖြစ်သည့် လွိုင်ကော်၊ မိုးဗြဲ၊ နန်းမယ်ခုံ နှင့် ဖယ်ခုံမြို့တို့တွင် တိုက်ပွဲများ ပြင်းထန်နေပြီး လွိုင်ကော်မြို့ကို ယနေ့ နိုဝင်ဘာလ(၁၁)ရက်နေ့၏ နေ့လယ်ပိုင်းက စတင်ကာ စစ်ကောင်စီတပ်က မာရှယ်လောထုတ်ပြန်လိုက်ကြောင်း သိရသည်။

အဆိုပါ မြို့(၄)မြို့တွင် စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေးတပ်များအကြား ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ(၁၁)ရက်နေ့ နံနက်ပိုင်းကစတင်ကာ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ကြောင်း သိရသည်။

"ပစ်နေပါတယ် လေကြောင်းရော၊ လက်နက်ကြီးရော။ လောလောဆယ် အတည်ပြုရဖို့ခက်တယ်။"ဟု ဖယ်ခုံဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

လွိုင်ကော်မြို့နယ်အတွင်း ရပ်ကွက်တချို့တွင် တိုက်ပွဲများဖြစ်နေခြင်းကြောင့်  ဒေသခံများ ပိတ်မိနေကြောင်း သိရသည်။

လွိုင်ကော်မြို့တွင် ဖြစ်ပေါ်နေသည့် စစ်ရေး‌အခြေအနေများကြောင့် လွိုင်ကော်လမ်းမကြီးကို အသုံးမပြုကြရန်လည်း ကရင်နီတော်လှန်ရေးတပ်များက အသိပေးထားသည်။

စစ်‌‌ရေးအ‌‌ခြေအနေအရ လွိုင်ကော် - ဒီးမော့ဆို၊ လွိုင်ကော် - မိုးဗြဲ နှင့် လွိုင်ကော် - ဆီဆိုင် လမ်းမကြီးကို အသုံးပြုပြီး ခရီး မသွားလာကြရန် မေတ္တာရပ်ခံထားသည်။