တာချီလိတ်မြို့တွင် လနှင့်ချီကြာ အမှိုက်များ ပြည့်နေသည့် အမှိုက်ချောင်းဟု ခေါ်သည့် နမ့်ယွန်းချောင်းကို  စတင် ရှင်းလင်း

တာချီလိတ်မြို့တွင် လနှင့်ချီကြာ အမှိုက်များ ပြည့်နေသည့် အမှိုက်ချောင်းဟု ခေါ်သည့် နမ့်ယွန်းချောင်းကို  စတင် ရှင်းလင်း
ဧပြီ 30, 2023 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ပေါ် နမ့်ယွန်းချောင်းအတွင်းမှ လနှင့်ချီကြာမြှင့်နေသည့် စည်းကမ်းမဲ့ စွန့်ပစ်အမှိုက်များကိုစည်ပင်သာယာရေးဌာနက ယနေ့ ၂၀၂၃ခုနှစ် ဧပြီလ(၃၀)ရက်နေ့တွင် စတင်ရှင်းလင်းနေကြောင်း သိရသည်။

နမ့်ယွန်းချောင်းသည် ဝမ်ကောင်းရပ်ကွက် နှင့် မကာဟိုခမ်းရပ်ကွက်အကြားတွင်ရှိပြီး ချောင်းအနီးနေသူများနှင့် အခြားရပ်ကွက်များတွင် နေထိုင်သူများ၏ လာရောက်စွန့်ပစ်မှုများကြောင့် ရေချောင်းအတွင်း၌ အမှိုက်များမှာ စည်ပင်သာယာရေးဌာနက ရှင်းလင်းခြင်းမရှိသည်မှာ လနှင့်ချီကြာမြှင့်နေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။



ယနေ့ ဧပြီလ(၃၀)ရက်နေ့တွင် နမ့်ယွန်းချောင်းအတွင်း နတ်စင်အဆင်းမှ AGD ဘဏ်အရှေ့ရှိ ချောင်းတလျှောက် စည်းကမ်းမဲ့ စွန့်ပစ်အမှိုက်များကို စည်ပင်သာယာရေးဝန်ထမ်းများက လူအင်အား စက်အင်အားများဖြင့် ရှင်းလင်းခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

"ဒီနေ့ မနက်ပဲ စည်ပင်က အမှိုက်တွေ လာရှင်းသွားတယ်။  ဒီချောင်းမှာက နေ့တော့ လာပစ်သူနည်းပါတယ်။ ညဆို လာလာပစ်ကြတာများတယ်။ တကယ်တော့ UBL အမှိုက်သိမ်းယာဉ်က ပုံမှန်လာမယ်ဆိုရင်တော့ အမှိုက်တွေက ချောင်းထဲ ရောက်စရာမရှိဘူးပေါ့။ ပိုက်ဆံသာ ယူတယ် အမှိုက် ပုံမှန်မသိမ်းဘူးဆိုတာက မဖြစ်သင့်ဘူး။ အမှိုက်ကား ပုံမှန်လာရင် ဒီချောင်းထဲမှာ အမှိုက်စွန့်ပစ်မှုလည်း လျော့နည်းလာနိုင်တယ်လေ အဲ့တော့ စည်ပင်တာဝန်ရှိသူများဘက်ကလည်း အမှိုက်သိမ်းတဲ့အဖွဲ့ကို ပြောပေးစေချင်တယ်ရှင့်"ဟု ဝမ်ကောင်းရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးက Tachileik News Agency သို့ ပြောသည်။

ယခင်လပေါင်းများစွာ မရှင်းလင်းဘဲ ရှိနေသည့် အမှိုက်များကို ယခုအခါတွင် တာချီလိတ်မြို့သို့ ကျိုင်းတုံကနေ ပြောင်းရွှေ့တာဝန်ထမ်းဆောင်သည့် တာချီလိတ်မြို့နယ်စည်ပင် သာယာရေးဌာန၏ အမှုဆောင်အရာ အသစ် ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မင်းထိုက် ရောက်ရှိလာပြီးနောက် စတင် ရှင်းလင်းနေပြီဖြစ်ကြောင်း သိရသည်။

ယခု ဧပြီလအတွင်း၌ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းမှလွှဲ၍ ရှမ်းပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ဦးစီးအရာရှိမှ ဒုတိယညွှန်ကြားရေးမှူး အဆင့်များအထိ အပြောင်းအရွှေ့များ ပြုလုပ်ရာ တာချီလိတ်မြို့မှ စည်ပင်အမှုဆောင်အရာရှိကို ကျိုင်းတုံသို့ ပို့လိုက်ပြီး ကျိုင်းတုံမှ စည်ပင်အမှုဆောင်အရာရှိကို တာချီလိတ်သို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။



တာချီလိတ်မြို့တွင် နှစ်စဉ်မိုးရွာသွန်းသည့် ကာလများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိပြီး မြို့တွင်း အဓိက ကျသည့်  နမ့်ယွန်းချောင်းမှလည်း ရေချောင်းအတွင်း အမှိုက်များကြောင့် ရေလျှံပြီး ချောင်းတလျှောက်ရှိ နေအိမ်များအတွင်းအထိ ရေများ ဝင်လေ့ရှိသည်။