တာချီလိတ်ယာဉ်ထိန်းရဲက ဟယ်ရီပေါ်တာ KTV မှ ထွက်လာသည့် တရုတ်နှင့်ထိုင်းအပါအဝင် တိုင်းရင်းသားလူငယ်များကို ယာဉ်မောင်း လိုင်စင် စစ်သလို လုပ်ပြီး ငွေကြေး တောင်းရမ်း

တာချီလိတ်ယာဉ်ထိန်းရဲက ဟယ်ရီပေါ်တာ KTV မှ ထွက်လာသည့် တရုတ်နှင့်ထိုင်းအပါအဝင် တိုင်းရင်းသားလူငယ်များကို ယာဉ်မောင်း လိုင်စင် စစ်သလို လုပ်ပြီး ငွေကြေး တောင်းရမ်း
ဖေဖော်ဝါရီ 15, 2024 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် တာချီလိတ်ယာဉ်ထိန်းရဲများက လမ်းကြားများတွင် တရုတ်၊ ထိုင်း နှင့် စကားမပီတပီ တိုင်းရင်းသားလူငယ်များကို ရွေးပြီး ယာဉ်မောင်းလိုင်စင် စစ်ဆေးသလိုလုပ်ဆောင်ကာ ငွေတောင်းရမ်းမှုများ နေ့စဉ် နီးပါး လုပ်ဆောင်နေလျှက်ရှိကြောင်း သိရသည်။

"တာချီလိတ်မှာလည်း တစ်နေ့ တစ်မျိုး မရိုးရအောင်ပဲ။ တာချီလိတ် မော်တော်ပီကယ်တွေ  ပုံလို့သွားလမ်းဘက်က ဟယ်ရီပေါ်တာ နားမှာ တရုတ်မြင်တာနဲ့ ဖမ်းစစ်လိုက် ပိုက်ဆံတောင်းလိုက်နဲ့ လုပ်နေတာ။ နောက်ပြီး စကားမပီတပီ ဖြစ်နေတဲ့ တိုင်းရင်းသားတွေ ရှမ်းလေးတွေကိုဆိုရင်လည်း  ငွေညစ်ခံရတယ်။ ထိုင်းဘတ်ငွေ တစ်ထောင် နှစ်ထောင်ပေးလိုက်ရတယ်။  စစ်တာကတော့ ယာဉ်မောင်းလိုင်စင် အစစ်ပြတာပေါ့။ သူတို့ ငွေညစ်လို့ရမဲ့သူဆို ညစ်တယ်။ အခုက မရ ရတဲ့နည်းနဲ့ လိုက်လုပ်စားနေတာပေါ့။ နေ့လည်း နေ့ခင်းအလိုက်၊ ညလည်း ညအလိုက် လုပ်စား ညစ်စားနေကြတာ။ "ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့  ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၁၅)ရက်နေ့တွင် ပြောသည်။

အမှတ် (၁၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (တာချီလိတ်)အနေဖြင့် နေ့စဉ်နီးပါး နံနက်(၉)နာရီမှ နေ့လည် (၁)နာရီဝန်းကျင်အထိ ဟယ်ရီပေါ်တာ KTV အထွက် လမ်း အနီးတဝိုက်တွင် အမြဲရှိတတ်ပြီး ယာဉ်ထိန်းရဲများက အုပ်စုလိုက် စောင့်ဆိုင်းခြင်း မဟုတ်ဘဲ အနီးဝန်းကျင်တွင် တစ်ယောက် တစ်နေရာစီ နေရာယူထားကာ စောင့်ဆိုင်းလေ့ရှိကြောင်း သိရသည်။

"မော်တော်ပီကယ်တွေက ဟယ်ရီပေါ်တာ KTV အထွက် "ဝ"ရုံး ကြားထဲမှာ အများဆုံးဖမ်းတာက တရုတ်၊ ထိုင်း နဲ့ စကားမပီတပီ အူလည်လည် တိုင်းရင်းသား လူငယ်တွေနဲ့ ရှမ်းလူငယ်တွေကိုပေါ့။ နောက်ပြီး ဟယ်ရီပေါ်တာကနေ Happy တို့ K တို့ သုံးပြီးထွက်လာတဲ့ လူကိုဆိုရင်လည်းသူတို့လိုက်ဖမ်းပြီး ငွေညစ်တာတွေလုပ်တယ်။ အနည်းဆုံးက ဘတ်(၁,၀၀၀)ကနေ (၅,၀၀၀)အထိပဲ။ အများဆုံးကတော့ တရုတ်တွေကတော့ ခံရတာများတယ်"ဟု အဆိုပါ လမ်းအနီး နေထိုင်သူ တစ်ဦးက ဆိုသည်။

တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့အနေဖြင့် စီမံချက်ဖြင့် စစ်ဆေးသည့် ပုံစံမျိုးမဟုတ်ဘဲ  ကြားပေါက် ငွေရနိုင်မည့် ယခုလို လမ်းကြားများတွင် လုပ်ဆောင်လေ့ရှိကြောင်း သိရသည်။