တာချီလိတ်မြို့သို့  အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် တိတ်တဆိတ်လာပြီး နဂါးနှစ်ကောင်ဆရာတော်ကို ဖူးမြှော်

တာချီလိတ်မြို့သို့  အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် တိတ်တဆိတ်လာပြီး နဂါးနှစ်ကောင်ဆရာတော်ကို ဖူးမြှော်
ဧပြီ 29, 2023 | ရှမ်းရှေ့

 ထိုင်းနိုင်ငံတွင် (၈)လကျော်အကြာ ဆေးဝါးကုသမှု ခံယူပြီး တာချီလိတ်သို့ ပြန်လည်ကြွလာသည့်  နဂါးနှစ်ကောင်ဆရာတော်အား ဖူးမြှော်ရန်အတွက် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယနေ့တွင် တာချီလိတ်သို့ တိတ်တဆိတ် ရောက်ရှိလာပြီး တိတ်တဆိတ် ပြန်သွားကြောင်း သိရသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တာချီလိတ်လေဆိပ်သို့ ယနေ့ ၂၀၂၃ခုနှစ် ဧပြီလ(၂၉)ရက်နေ့ နံနက်(၁၁)နာရီကျော်အချိန်က တိတ်တဆိတ် ရောက်ရှိလာပြီးနောက် နဂါးနှစ်ကောင်ဆရာတော်အား ဖူးမြှော်ပြီး နေ့လည် (၂)နာရီကျော်အချိန်တွင် တာချီလိတ်မှ တိတ်တဆိတ်ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။

ပုံမှန်အားဖြင့်ဆိုလျှင် ယခင်က ၎င်းလာမည်ဆိုပါက တိုင်းရင်းသားဝတ်စုံများ ဝတ်ဆင်ပြီး အကများဖြင့် ကြိုဆိုရလေ့ရှိသော်လည်း ယခုအခါတွင် တော်တော်များများမှာ ၎င်းလာမည်ကို ကြိုတင်မသိရကြောင်း သိရသည်။

"ပုံမှန်ကာလဆိုရင်  သူ လာမယ်ဆိုတာကြိုသိရတာနဲ့ (၂)ရက် (၃)ရက် ကျောင်းတိုက်မှာ ကြိုတင်ပြင်ဆင်ရတာ၊ အခုက ကြိုမသိရဘူး။ ဒီကာလဆိုတော့ လုပ်ကြံခံရမှာကြောက်လို့ ကြိုတင်အသိမပေးဘဲ တိတ်တဆိတ်လာတဲ့ သဘောပေါ့။ အဓိက ကတော့ ဆရာတော်ကြီးရဲ့ ကျန်းမာရေးအခြေအနေကြောင့် ရောက်လာတာပါ"ဟု အမည်မဖော်လိုသူ မြို့မိမြို့ဖ တစ်ဦးက ဆိုသည်။

သက်တော်(၉၅)နှစ် ဝါတော်(၇၅)ဝါရှိပြီဖြစ်သည့် တာချီလိတ်မြို့ နဂါးနှစ်ကောင် ပရိယတ္တိစာသင်တိုက်၏ ဦးစီး ပဓါန နာယက ဆရာတော်၊ နိုင်ငံတော် သြဝါဒစရိယ၊  အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ရ နဂါးနှစ်ကောင်ဆရာတော် ဘဒ္ဒန္တဓမ္မသီရိသည် ၂၀၂၃ခုနှစ် ဧပြီလ(၂၈)ရက်နေ့ နံနက်ပိုင်းက မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားကနေ တဆင့် တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ နဂါးနှစ်ကောင်ကျောင်းတိုက်သို့ ပြန်လည်ကြွလာပြီးနောက် ယနေ့တွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်မှ ရောက်ရှိလာခြင်း ဖြစ်သည်။

တာချီလိတ်သို့ ရောက်ရှိချိန်တွင် နဂါးနှစ်ကောင်ဆရာတော်အား ဖူးမြှော်ပြီး တာချီလိတ်လေဆိပ် တိုးချဲ့ရေးကိစ္စရပ်များ ဆွေးနွေးခဲ့သည်ဟု သိရသည်။

နဂါးနှစ်ကောင်ကျောင်းတိုက်အတွင်း  အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိချိန်တွင် ၎င်း၏ အနီးကပ်ဆုံးနေရာများနှင့် တာချီလိတ်မှ လုပ်ငန်းရှင်များကို တွေ့ရသည်။