တာချီလိတ်မြို့တွင် မူးယစ်ဆေး (၁၂)သန်းကျော်နှင့်ပတ်သက်ပြီး သိမ်းလိုက်သည့် တန်ဖိုးကြီးဆိုင်ကယ် အစီး(၂၀)ကျော်နှင့် ရွှေ(၅)ပိသာကျော် အပါအဝင် ငွေကြေးများကို တြိဂံဒေသတိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ဖွဲ့က ရဲလက်မအပ်ဘဲ အပျောက်ရိုက်

တာချီလိတ်မြို့တွင် မူးယစ်ဆေး (၁၂)သန်းကျော်နှင့်ပတ်သက်ပြီး သိမ်းလိုက်သည့် တန်ဖိုးကြီးဆိုင်ကယ် အစီး(၂၀)ကျော်နှင့် ရွှေ(၅)ပိသာကျော် အပါအဝင် ငွေကြေးများကို တြိဂံဒေသတိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ဖွဲ့က ရဲလက်မအပ်ဘဲ အပျောက်ရိုက်
မေ 15, 2022 | ရှမ်းရှေ့

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား (၁၂)သန်းကျော် ဖမ်းဆီးရမှုနှင့်ပတ်သက်ပြီး သီးခြား သိမ်းဆည်းလိုက်သည့် ဆိုင်ကယ်အစီး(၂၀)ကျော်နှင့် ရွှေ(၅)ပိသာကျော်တို့ကို တြိဂံဒေသတိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ဖွဲ့က သိမ်းဆည်းပြီး အထက်သို့ စာရင်းမပြသလို ရဲတပ်ဖွဲ့ထံ မအပ်နှံဘဲ အောက်ခြေတွင် အပျောက်ရိုက်လိုက်ကြောင်း သိရသည်။

အထက်သို့ တင်ပြခြင်းမရှိဘဲ အောက်ခြေတွင် အပျောက်ရိုက်လိုက်သည့် သိမ်းဆည်းပစ္စည်းများတွင် တန်ဖိုးကြီး ဆိုင်ကယ် အစီး(၂၀)ကျော်၊ ရွှေ(၅)ပိသာကျော် အပြင် အမေရိကန် ဒေါ်လာ နှင့် ထိုင်းငွေ အမြောက်အများ ပါဝင်သော်လည်း ရဲချုပ်ရုံးနှင့် မူးယစ်ဗဟိုအထိ တင်ပြသည့် စာရင်းများတွင် အဆိုပါ သိမ်းဆည်းပစ္စည်းများ၏ အမည်စာရင်းများ မပါဝင်သလို အပ်နှံခြင်းလည်းမရှိဟု Tachileik News Agency ၏ သတင်းရင်းမြစ်များထံက သိရသည်။

"ဆိုင်ကယ်တွေ၊ ငွေတွေ၊ ရွှေတွေ အကုန်ပါသွားတယ်။ ဆိုင်ကယ်တွေက ကိုဖေသက်ဟန် ရဲ့ ဆိုင်ကယ်လည်း ပါသွားသလို သူရဲ့ ဆိုင်ကယ်မဟုတ်တာလည်း ပါတယ်။ တခြားလူငယ်တွေက ဆိုင်ကယ်ကို အဲ့မှာ အလှအနေနဲ့ သွားရပ်ထားတာတွေလည်းရှိတယ်။ အဲ့ဒါတွေပါ သိမ်းသွားတယ်။ သတင်းဓါတ်ပုံမှာတော့ မူးယစ်ဆေးနဲ့လက်နက်မိတာပဲ တွေ့ရတယ်။ ဆိုင်ကယ်တွေက ဈေးအကြီးဆုံး ဆိုင်ကယ်တွေများတယ်"ဟု အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

အဆိုပါ အမှုဖြင့် ဖမ်းဆီးခံထားရသည့် ဖေသက်ဟန် အပါအဝင် မြန်မာ(၈)ဦး၊ ထိုင်းနိုင်ငံသား(၄)ဦး နှင့် တရုတ်နိုင်ငံသား(၁)ဦးတို့ကို ဟောင်လိတ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးအမှုအပြင် လဝကအမှုဖြင့်ပါ အမှုဖွင့်ထားပြီး ဖေသက်ဟန်ကိုလည်း ထိုင်းနိုင်ငံသားနှင့် တရုတ်နိုင်ငံသားများအား လက်ခံထား၍ဟုဆိုကာ လဝကအက်ဥပဒေဖြင့်ပါ အမှုဖွင့်ထားကာ ကျန်ရှိသည့် မူးယစ်မှုနှင့် မပတ်သက်သည့် လူငယ်(၃၇)ဦးကိုလည်း ခြေချုပ်ခံဝန်ဖြင့် တရားရုံးသို့ မေလ(၁၆)ရက်နေ့တွင် ပို့ဆောင်ကာ အမိန့်ချမည်ဟု သိရသည်။

မူးယစ်ဆေးဝါးများနှင့် ပတ်သက်ပြီး တာချီလိတ်တပ်နယ်လက်အောက်ခံများက ဖေသက်ဟန် အပါအဝင် တာချီလိတ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှူးများ နှင့် ရဲတပ်ဖွဲ့ဝင်များကို ဖမ်းဆီးခေါင်းဆောင်စစ်ဆေးမှုများပြုလုပ်ရာတွင် ဖေသက်ဟန်ကို သွားကျိုးသည်အထိ ရိုက်နှက်မှုများ ပြုလုပ်သည့်အပြင် ရဲတပ်ဖွဲ့ဝင်အချို့လည်း ရေပိုက်ဖြင့် ရိုက်နှက်စစ်ဆေးခံရသည်ဟု သိရသည်။

တာချီလိတ်မြို့တွင် ၂၀၂၂ခုနှစ် ဧပြီလ(၂၄)ရက်နေ့ နံနက်ပိုင်းက   ရဲတပ်ဖွဲ့ဝင်ဟောင်း ဖေသက်ဟန် အပါအဝင် အဖွဲ့အား "ဝ"အဖွဲ့နှင့် ပြသာနာဖြင့် ကိစ္စကြောင့် ဖမ်းဆီးချိန်တွင် နေအိမ်အတွင်းမှ M16 သေနတ်နှင့် ပစ္စတို အပါအဝင် ကျည်ဆံအချို့၊ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၁၂)သန်းခွဲကျော်ကိုပါ သိမ်းဆည်းရမိခြင်းနှင့် ပတ်သက်ပြီး လိုင်းကြေး ရယူသည်ဟုဆိုကာ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး နှင့် ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်အချို့တို့ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်ထားပြီး ရက်ရှည်ကြာ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ယင်းနောက် စရဖက ပြန်လွှတ်ပေးလိုက်သည့် ရဲများကိုမှု ရဲတပ်ဖွဲ့က ပြန်လည်ပြီး စုံခုံဖွဲ့စစ်ဆေးနေကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး တာချီလိတ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှူးများ အပါအဝင် တာချီလိတ်တပ်နယ်မှ အရာရှိကြီးများအထိ လိုင်းကြေးရယူမှု မကင်းသော်လည်း တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းရုံးက ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို ထိရောက်သည့် အရေးယူဆောင်ရွက်ခြင်းများ မပြုလုပ်ဘဲ ရဲတပ်ဖွဲ့ကိုသာ ဦးတည်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု  အမည်မဖော်လိုသည့် သတင်းရင်းမြစ်များက ဆိုသည်။