မူဆယ်မြို့တွင် ရေတောင်းသောက်သည့် အရက်မူးနေသူ (၂)ဦးက ရေသောက်ပြီးနောက် စကားများပြီး အိမ်ရှင်လင်မယားကို ဓါးဖြင့် ခုတ်

မူဆယ်မြို့တွင် ရေတောင်းသောက်သည့် အရက်မူးနေသူ (၂)ဦးက ရေသောက်ပြီးနောက် စကားများပြီး အိမ်ရှင်လင်မယားကို ဓါးဖြင့် ခုတ်

 ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင်  ‌ရေတောင်းသောက်သည့် အရက်မူးနေသူ(၂)ဦးက ရေသောက်ပြီးနောက် အိမ်ရှင်နှင့် စကားများပြီး ဓါးခုတ်မှု ဖြစ်ပွားရာ အိမ်ရှင်လင်မယား(၂)ဦး  ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ 

၂၀၂၃ခုနှစ်၊ ဧပြီလ(၂၇)ရက်နေ့၏ ညပိုင်းက မူဆယ်မြို့၊ ရွှေတပင် ဂေါက်ကွင်း(၂)အနီးရှိ မိသားစု ( ၃ )ဦး၏ နေအိမ်သို့ အရက်မူးနေသူ (၂)ဦး ရောက်ရှိလာကာ ရေတောင်းသောက်ပြီးနောက် နေအိမ်ကနေ မပြန်၍ စကားများရာမှ ဓါးခုတ်မှု ဖြစ်ပွားခြင်း ဖြစ်သည်။

"သူတို့မိသားစု (၃)ယောက် ထမင်းစားနေတာ။ အရက်မူးသမား နှစ်ယောက်က ဝင်လာတယ်။ ရေတောင်းသောက်တယ်။ အိမ်ထဲကနေ အိမ်အပြင် မထွက်ဘူး။ အိမ်ရှင်‌က မောင်းထုတ်တယ်။ တံခါးပိတ်တယ်။ အပြင်က အရက်သမား ( ၂ )ယောက်က ဆဲတယ်။ အမျိုးသမီး ကလည်း ပြန်ဆဲတယ်။ သူ့အမျိုးသားက အိမ်ပြင်ထွက်သွားတော့ အရက်သမား ( ၂ )ယောက်က သူ့ယောကျာ်းကို ခုတ်တာ။‌ နောက်တော့ သူ့မိန်းမကိုပါ ထပ်ခုတ်တယ်။ ကျန်တဲ့ကလေးတစ်ယောက်ကတော့ ဘာမှမဖြစ်ဘူး။"ဟု သွားရောက်ကူညီပေးခဲ့သည့် "နှလုံးလှ"လူမှုကူညီရေးအသင်း (မူဆယ်)တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒဏ်ရာရသည့် အမျိုးသားမှာ ဘယ်ဘက်နားရွက်၊ ဘယ်ဘက် တံတောင်ဆစ် ဓားဖြတ်ရှ ဒဏ်ရာ(၃)လက်မခန့် ရရှိခဲ့ပြီး အမျိုးသမီးမှာ ဘယ်ဘက်နဖူး ကွဲအက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အရက်မူးနေသူ အမျိုးသားနှစ်ဦးမှာ ထွက်ပြေးသွားပြီး ဓားခုတ်ခံရသည့် လင်မယား(၂)ဦးကို "နှလုံးလှ"လူမှုကူညီရေးအသင်း (မူဆယ်)က မူဆယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေး ထားကြောင်း သိရသည်။

 

Photo: "နှလုံးလှ"လူမှုကူညီရေးအသင်း (မူဆယ်)