တာချီလိတ်မြို့နယ်အတွင်း လက်နက်ခဲယမ်းများနှင့် ကျပ်သိန်းပေါင်း (၂)ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

တာချီလိတ်မြို့နယ်အတွင်း လက်နက်ခဲယမ်းများနှင့် ကျပ်သိန်းပေါင်း (၂)ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နယ်စပ်ဒေသ တာချီလိတ်မြို့နယ် မိုင်းဖုန်းဒေသအတွင်း လက်နက်ခဲယမ်းများနှင့် ကျပ်သိန်းပေါင်း (၂)ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်း မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ပါခါဟိုခိုကျေးရွာရှိ အိုက်ကွမ်း(ခ)အိုက်လာ၏ ဂိုဒေါင်အတွင်း မူးယစ်ဆေးဝါး သတင်းပေးအရ ၂၀၂၁ခုနှစ် ဩဂုတ်လ(၇)ရက်နေ့ နံနက်အစောပိုင်းက မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ ဝင်ရောက်စစ်ဆေးရှာဖွေရာ  အိုက်ကျိုင်း နှင့် စိုင်းအင်တို့ (၂)ဦးနှင့်အတူ ဖမ်းဆီးသိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂိုဒေါင်အတွင်း ကာလတန်ဖိုးငွေ ကျပ် (၂.၁၃)ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ (၁၄၀)ကီလို၊ အိုက်စ် (၁)ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား (၁၀,၀၀၀) အပြင် M16 သေနတ်(၁)လက်၊ ၁၂ ဗို့ သေနတ် (၂)လက်၊ လက်ပစ်ဗုံး (၂)လုံး၊ ကျည်အိမ် (၃)ခု၊ ကျည်မျိုးစုံ (၁၂၃)တောင့်၊ ထော်လဂျီယာဉ် (၂)စီးတို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

ဆက်လက်၍ အဆိုပါ ပစ္စည်းများ သိမ်းဆည်းရမိသည့် အိုက်ကွမ်း(ခ)အိုက်လာ၏ ပါခါကျေးရွာရှိ နေအိမ်ကိုလည်း သွားရောက်စစ်ဆေးရှာဖွေရာ  ကား(၃)စီးကို ထပ်မံသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်များကို ဆက်လက်ဖော်ထုတ်နေလျက်ရှိကြောင်း သိရသည်။