ကွတ်ခိုင်မြို့တွင် တရုတ်အမျိုးသားတစ်ဦး ပြန်ပေးဆွဲခံရပြီး၊  ပြန်ပေးဆွဲအဖွဲ့က တရုတ်ငွေ ယွမ်သိန်း (၂၀)နှင့် လာရွေးခိုင်း

ကွတ်ခိုင်မြို့တွင် တရုတ်အမျိုးသားတစ်ဦး ပြန်ပေးဆွဲခံရပြီး၊  ပြန်ပေးဆွဲအဖွဲ့က တရုတ်ငွေ ယွမ်သိန်း (၂၀)နှင့် လာရွေးခိုင်း

 ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ပေါ် ရပ်ကွက်(၂)တွင် မြေဩဇာရောင်းသည့် တရုတ်အမျိုးသားတစ်ဦးကို လူတစ်စုက ပြန်ပေးဆွဲသွားပြီး တရုတ်ငွေ ယွမ်သိန်း(၂၀)နှင့် လာရောက် ရွေးခိုင်းကြောင်း သိရသည်။

၂၀၂၃ခုနှစ် ဧပြီလ(၂၆)ရက်နေ့ တရုတ်ကျောင်းဆင်းချိန် ညနေ(၅)နာရီဝန်းကျင်အချိန်တွင် တရုတ်ဘုံကျောင်းအနီး မြေဩဇာရောင်းသည့် တရုတ်အမျိုးသားတစ်ဦးကို သေနတ်များ ကိုင်ဆောင်ထားသည့် အမျိုးသား(၃)ဦး ရောက်ရှိလာပြီး သေနတ်ဖြင့် ချိန်ကာ ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်းသိရသည်။

"ဘယ်အဖွဲ့က ဖမ်းသွားတာလဲတော့ မသိဘူး။ သူတို့က တရုတ်ငွေ သိန်း (၂၀)တောင်းတယ်။ တရုတ်ကလေးတွေ ကျောင်းဆင်းချိန်မှာ ဖမ်းသွားတာ။ လူ(၃)ယောက် အခန်းထဲလာပြီးမှ သေနတ်နဲ့ လာထောက်ပြီး ဖမ်းသွားတာ"ဟု အနီးဝန်းကျင်နေသူ တစ်ဦးက ပြောသည်။

အာဏာသိမ်းခံထားရသည့် နောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် ယခုလို ဖြစ်စဉ်များများ အပါအဝင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေကြောင်းသိရသည်။

"တစ်လမှာ ဘယ်နှစ်မှု ရှိနေမှန်းတောင် မသိတော့ဘူး။ ကွတ်ခိုင်မှာ လုယက်မှုတွေ အရမ်းပေါ။ လုယက်မှုတွေဆိုရင် မကြာခဏ ဖြစ်တယ်။ စားဝတ်နေရေးက ကြပ်တည်း အလုပ်အကိုင်ကမရှိ ခိုးဆိုးလုယက်မှုက များ ပြည်သူလူထုတွေက လုံးဝ လုံခြုံမှု မရှိတော့ဘူး"ဟု ဒေသခံ တစ်ဦးက ပြောသည်။

 

ဧပြီလ(၂၇)ရက်နေ့ကလည်း  ဓါးပြတိုက်သည့် လူငယ်(၆)ဦးကို စစ်ကောင်စီတပ်၏ လက်အောက်ခံ ကောင်းခံပြည်သူ့စစ်နှင့် ကွတ်ခိုင်ရဲတပ်ဖွဲ့က ဖမ်းမိကြောင်းနှင့် ယခု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ၎င်းတို့ကိုလည်း ဆက်စပ်မှု ရှိ မရှိ စစ်ဆေးနေကြောင်းလည်း သိရသည်။