လားရှိုးမြို့တွင် လျှပ်စစ်မီးပုံမှန် မလာသည်ကို အခွင့်ကောင်းယူပြီး မီးကြိုးခိုးရန် ကြိုးစားနေသည့် အမျိုးသား (၃)ဦးကို ပြည်သူများက ဖမ်းဆီးပြီး ရဲလက်အပ်

လားရှိုးမြို့တွင် လျှပ်စစ်မီးပုံမှန် မလာသည်ကို အခွင့်ကောင်းယူပြီး မီးကြိုးခိုးရန် ကြိုးစားနေသည့် အမျိုးသား (၃)ဦးကို ပြည်သူများက ဖမ်းဆီးပြီး ရဲလက်အပ်

 

 

ရှမ်းပြည်မြောက်ပိုင်းဒေသအတွင်း လျှပ်စစ်မီး လားရှိုးပေါ် ရပ်ကွက် (၁၂)တွင် လျှပ်စစ်မီးကြိုးများ ခိုးရန် ကြိုးစားနေသည့် အမျိုးသား(၃)ဦးကို ရပ်ကွက်နေပြည်သူများက ယနေ့ ၂၀၂၃ခုနှစ် မတ်လ(၄)ရက်နေ့၏ နံနက်အစောပိုင်းက ဝိုင်းဝန်းဖမ်းဆီးနိုင်လိုက်ကြောင်း သိရသည်။ 

“သူခိုးက ခိုးဖို့လုပ်တဲ့အချိန် ခွေးကဟောင်တော့ ဝိုင်းထဲက လူတွေဝိုင်းဖမ်းလိုက်တာ။ ကျွန်မတို့ ရပ်ကွက်မှာဆို မီးကြိုးခိုးခံရတဲ့ သူတွေချည်းပဲ။ တချို့အိမ်တွေဆို လေးငါးခါလောက် ခိုးခံရတဲ့ သူတွေရှိတယ်”ဟု ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောပြသည်။ 

လျှပ်စစ်မီး ပုံမှန်မလာသည့် လားရှိုးမြို့တွင် မီးကြိုးခိုးသူများက လျှပ်စစ်မီး ပုံမှန်မလာသည်ကို အခွင့်ကောင်းယူပြီး မီးကြိုးများ မကြာခဏ ခိုးယူမှုများ ပြုလုပ်နေရာမှ ယခုအခါတွင် လျှပ်စစ်မီးခိုးရန် ကြိုးစားနေသူများကို ရပ်ကွက်တွင်းနေပြည်သူများက လက်ဦးမှု ရယူပြီး ဖမ်းဆီးနိုင်ခြင်းဖြစ်ကြောင်းနှင့် ဖမ်းမိသူများကို ရဲလက်အပ်လိုက်ကြောင်း သိရသည်။

အာဏာသိမ်းစစ်အုပ်စု အုပ်ချုပ်နေသည့် (၂)နှစ်ကျော်ကာလအတွင်း၌ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း ခိုးဆိုး လုယက်မှုများမှ ယခင်ကထက် အဆမတန် ဖြစ်ပွားနေရာ သက်ဆိုင်ရာများက ဖမ်းဆီးအရေးယူနိုင်စွမ်းမရှိ၍ ဒေသခံများ၏ ဝေဖန်မှုများကို ရဲတပ်ဖွဲ့အနေဖြင့် ခံနေရသည်ဟု သိရသည်။