ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်တွင် ဆိုင်ကယ်ခိုးကာ တာချီလိတ်သို့ ပြန်လည်ပို့ဆောင်နေသည့် ဆိုင်ကယ်ခိုးအဖွဲ့ မြန်မာ (၁၀)ဦးကို မယ်ဆိုင်ရဲက ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်တွင် ဆိုင်ကယ်ခိုးကာ တာချီလိတ်သို့ ပြန်လည်ပို့ဆောင်နေသည့် ဆိုင်ကယ်ခိုးအဖွဲ့ မြန်မာ (၁၀)ဦးကို မယ်ဆိုင်ရဲက ဖမ်းဆီးရမိ

 တာချီလိတ်မြို့နှင့်အနီး ထိုင်း - မြန်မာ နယ်စပ်ဒေသ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ဆိုင်ကယ်ခိုးသည့် လူငယ်(၁၀)ဦး ပါဝင်သည့် မြန်မာဆိုင်ကယ်ခိုးအဖွဲ့ ကို (၃)ရက်အတွင်း အုပ်စုများခွဲ၍ မယ်ဆိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း သိရသည်။

မယ်ဆိုင်မြို့တွင် အိမ်ခန်းငှားပြီး နေထိုင်ကာ ဆိုင်ကယ်ခိုးယူပြီးနောက် ပုံစံများ ပြန်လည်ပြောင်းလဲကာ တာချီလိတ်ဘက်သို့  မယ်ဆိုင်ချောင်းကနေ ပြန်လည်ပို့ဆောင်နေသည့်အဖွဲ့ကို ၂၀၂၄ခုနှစ် မတ်လ၏ နောက်ဆုံးပတ်အတွင်းက ဆက်တိုက် ဖမ်ဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။



 

ဆိုင်ကယ်ခိုးပြီး ပုံစံဖျက်ကာ ပြန်လည်တပ်ဆင်နေသည့် သက်သေခံ ဆိုင်ကယ်များထဲတွင် ဆိုင်ကယ်ခိုးခံရကြောင်း မယ်ဆိုင်ရဲစခန်းသို့ လာရောက်အသိပေး အမှုဖွင့်တိုင်ကြားထားသည့် ပျောက်ဆုံး ဆိုင်ကယ် (၂)စီးလည်း ပါဝင်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် (၁၀)ဦးတွင် (၆)ဦးမှာ နယ်စပ်ဖြတ်သန်းလက်မှတ် သက်တမ်းကျော်လွန်နေထိုင်သူဖြစ်ကြောင်း နှင့်  ၎င်းတို့အား  မယ်ဆိုင်မြို့မရဲစခန်းရှိ အချုပ်ခန်းတွင် ထားရှိပြီး အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။ 

မယ်ဆိုင်ရဲတပ်ဖွဲ့၏ ကနဦး စစ်ဆေးချက်များအရ ဆိုင်ကယ်ခိုးသည့် မြန်မာလူငယ်ဂိုဏ်းသည် မယ်ဆိုင်ဒေသအတွင်း ဆိုင်ကယ်များကို ခိုးယူပြီး ပုံစံများပြောင်းလဲကာ တာချီလိတ်ဘက်သို့ ဝယ်ရောင်း လုပ်ကိုင်နေသူများနှင့် ခိုးရာပါ ဆိုင်ကယ် လက်ခံဝယ်ယူသူများထံ ထိုင်းဘတ်ငွေ (၂၀၀၀၀)ကျော်ဖြင့် ပြန်လည် ရောင်းချပေးနေခြင်း ဖြစ်သည်ဟု သိရပြီး သူခိုးလက်ခံ ဝယ်လက်များကိုလည်း ဖမ်းဆီးရမိရေး မြန်မာဘက် တာဝန်ရှိသူများထံ အသိပေး အကြောင်းကြားသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

မယ်ဆိုင်ရဲတပ်ဖွဲ့အနေဖြင့် မယ်ဆိုင်မြို့နယ်အတွင်း ယခုလို ဆိုင်ကယ်ခိုးခံရမှုများ ဖြစ်ပွားသည်နှင့်ပတ်သက်ပြီး နောက်ပိုင်းတွင် ဆိုင်ကယ်ခိုးမှုများ မဖြစ်ပွားစေရေးအတွက် နေအိမ်အခန်းငှားများကို လိုက်လံစစ်ဆေးခြင်း၊ ရှောင်တခင် စစ်ဆေးခြင်းနှင့် အထူးစီမံချက်များပြုလုပ်ပြီး စစ်ဆေးခြင်းများကို  ပူးပေါင်းအဖွဲ့ဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: แม่สายนิวส์, Maesaipress