နမ့်ခမ်းမြို့တွင် အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေး (၃)ဦး အပါအဝင် အရပ်သားများ ဒဏ်ရာရ

ပုံအညွှန်း -  ထိခိုက်ဒဏ်ရာရခဲ့ကြသည် ဒေ၀သခံ ပြည်သူများ ။ Photo: CJ
ပုံအညွှန်း - ထိခိုက်ဒဏ်ရာရခဲ့ကြသည် ဒေ၀သခံ ပြည်သူများ ။ Photo: CJ
နမ့်ခမ်းမြို့တွင် အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေး (၃)ဦး အပါအဝင် အရပ်သားများ ဒဏ်ရာရ
ဇန်နဝါရီ 5, 2022 | ရှမ်းမြောက်

 ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ခမ်းမြို့တွင် ယနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၅) ရက်နေ့ နံနက်ပိုင်းက မြို့အနီးဝန်းကျင်သို့ TNLA တပ်ဖွဲ့ရောက်လာချိန်တွင် အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်၍ အသက် (၂)နှစ်နှင့် (၅)နှစ်အရွယ် ကလေးငယ်အပါအဝင် အရပ်သား (၆) ဦး ဒဏ်ရာရသွားသည်ဟု သိရသည်။

"TNLA က မနေ့က နမ့်ခမ်းဈေးထဲမှာ သူတို့ လူ (၂) ယောက်အသတ်ခံရတယ်။ အဲဒါကြောင့် ဝင်လာတာနေမှာပေါ့။ သူတို့မြို့စွန်ဘက်လောက်ရောက်တော့ စကစတပ်က ဗျူဟာကုန်းကနေ လှမ်းပစ်တာ"ဟု နမ့်ခမ်းဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

နမ့်ခမ်းမြို့ စခန်းသစ်ဗျူဟာကုန်းရှိ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ နောင်စန့်ကုန်းရှိ ဂျာဆိုင်းဆိန် (၂)နှစ်၊ ဆွတ်ရိန်အောင် (၅)နှစ်၊ မာရွယ်ပန် (၅)နှစ်၊ ဦးမာတူး (၃၂)နှစ်၊ ဒေါ်ရွယ်ကျီး (၆၆)နှစ်နှင့် ဒေါ်ထုဆိုင်း (၆၀)နှစ်တို့ ဒဏ်ရာရသွားကြသည်ဟု Shwe Phee Myay News Agency က ဖေါ်ပြထားသည်။

ယင်းကဲ့သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ပြီးနောက် နမ့်ခမ်းမြို့ နောင်စန့်ကုန်းနှင့် ဟိုနားရွာတို့အနီးတွင် ပစ်ခတ်သံများ ကြားရသည်ဟု ဒေသခံများထံမှ သိရပြီး တိုက်ပွဲဖြစ်ပွားမှုအခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။

နမ့်ခမ်းမြို့မဈေးတွင် ယခုနှစ် TNLA က အခွန်တိုးကောက်၍ဟုဆိုကာ ဈေးဆိုင်ခန်းများက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက ဈေးကို (၅) ရက်ပိတ်၍ ဆန္ဒပြခဲ့ကြပြီး ယမန်နေ့က နမ့်ခမ်းတွင် အခွန်လာကောက်သည့် TNLA တပ်ဖွဲ့ဝင် (၂) ဦး အသတ်ခံရသည်ဟု သိရသည်။

 

နမ့်ခမ်းမြို့မဈေးတွင် အခွန်တိုးကောက်ခြင်းမရှိကြောင်း TNLA တာဝန်ရှိသူများက ငြင်းဆိုထားပြီး စီးပွားရေးအကြပ်အတည်းကြောင့် အခွန်ကောက်ခံမှုကို ညှိနှိုင်းပေးခြင်းများ လုပ်ပေးနေသည်ဟု TNLA က ပြောကြားထားသည်။

#TachileikNewsAgency