လားရှိုး - သိန္နီ ပြည်ထောင်စုလမ်းမကြီးပေါ် ယာဥ်တိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး

လားရှိုး - သိန္နီ ပြည်ထောင်စုလမ်းမကြီးပေါ် ယာဥ်တိုက်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး

 ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး - သိန္နီ ပြည်ထောင်စုလမ်းမကြီးပေါ် (၁၀)မိုင်တွင် ယာဉ်တိုက်မှု ဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

လားရှိုး-သိန္နီ ပြည်ထောင်စုလမ်းမပေါ် (၁၀)မိုင်  စွမ်းစွမ်းဆီဆိုင်အနီးတွင် ၂၀၂၃ခုနှစ် ဧပြီလ(၂၈)ရက်နေ့၏ နံနက်(၁၀)နာရီခွဲဝန်းကျင်အချိန်က ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ တစ်ဦးမှာ စိုးရိမ်ရသည့် ဒဏ်ရာရရှိကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် စိုးရိမ်ရသည့် ဒဏ်ရာရရှိထားသော အမျိုးသမီးတစ်ဦးအား  မုံးပေါ်ဒေသလူမှုကူညီရေးအသင်းက လူနာတင်ယာဉ်ဖြင့် လားရှိုးပြည်သူ့ဆေးရုံ၏ အရေးပေါ်ဌာနသို့ ပို့ဆောင်ပေးထားသလို သေဆုံးသူ၏ ရုပ်အလောင်းကိုလည်း  လားရှိုးလူငယ်များလူမှုကူညီရေးအသင်းက ကယ်ဆယ်ရေးယာဉ်ဖြင့် ပို့ဆောင်ပေးထားကြောင်း သိရသည်။   



ဧပြီလ(၂၆)ရက်နေ့ကလည်း သိန္နီမြို့နယ် နားတီးကျေးရွာအကျော်တွင်  ကားတစ်စီး တိမ်းမှောက်ပြီး ယာဥ်မောင်းဖြစ်သူ သေဆုံးသွားသည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သေးသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပွားနေသည့်အတွက် ယာဉ်မောင်းများအနေဖြင့် သတိရှိရှိဖြင့် မောင်းနှင်ကြရန်လည်း လူမှုညီရေးအသင်းအဖွဲ့များက တိုက်တွန်းထားသည်။



လားရှိုးမြို့တွင် ၂၀၂၃ခုနှစ် ဧပြီလ(၁)ရက်နေ့မှ ယနေ့ ဧပြီလ(၂၈)ရက်နေ့အထိ ယာဉ်တိုက်မှုပေါင်း (၁၇)ကြိမ်ထိ ဖြစ်ပွားခဲ့ရာတွင် လူ(၆)ဦး သေဆုံးပြီး (၂၆)ဦးအထိ ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။



#TachileikNewsAgency

Photo: လားရှိုးလူငယ်များလူမှုကူညီရေးအသင်း