မူဆယ်တွင် ဆိုင်ကယ်ပြင်ဆိုင်၏ ဆိုင်ရှင်က လာပြင်သည့် ဆိုင်ကယ် (၁၅)စီးကျော်ကို ရောင်းစားပြီး ထွက်ပြေးသွား

မူဆယ်တွင် ဆိုင်ကယ်ပြင်ဆိုင်၏ ဆိုင်ရှင်က လာပြင်သည့် ဆိုင်ကယ် (၁၅)စီးကျော်ကို ရောင်းစားပြီး ထွက်ပြေးသွား

 ရှမ်းပြည်‌နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ဟိုနားရပ်ကွက် ကားလေးကွင်းအနီးရှိ သောင်းကြီး ဆိုင်ကယ်ပြင်ဆိုင်၏ ဆိုင်ရှင်က ပြင်ဆင်ရန်လာအပ်ထားသည့် ဆိုင်ကယ်(၁၅)စီးထက် မနည်းကို ခိုးရောင်းချခဲ့ကြောင်း သိရသည်။

"သူက ဝပ်ရှော့ ဖွင့်ထားတော့ ကျွန်တော် သူ့ဆီ ဆိုင်ကယ် FZ V1 ပြင်ထားခိုင်းတယ်။ ကျွန်တော် မသိအောင် ခိုးရောင်းစားလိုက်ပါတယ်။ ကျွန်တော် တစ်ယောက်တည်းတင် မဟုတ်ဘူး။ ကျွန်တော်ပိုစ့်တင်ထားတော့ တော်တော်များများ လာပြောကြတယ်။ သူရောင်းတဲ့ ဆိုင်ကယ်က တစ်စီးတည်း မဟုတ်ဘူး။ ကျွန်တော် သိသလောက် (၁၅)စီးထက် ကျော်တယ်"ဟု ဆိုင်ကယ် ရောင်းခံရသူ ဦးအောင်လေးက ၂၀၂၃ခုနှဏ် ဧပြီလ(၂၈)ရက်နေ့တွင် ပြောသည်။

မူဆယ်ကားလေးကွင်း လမင်းထက် ကော်ဖီဆိုင်အနီး၌ ဖွင့်ထားသည့် သောင်းကြီးဆိုင်ကယ်ပြင်ဆိုင်ရှင် ကိုသောင်းကြီးက ၎င်းထံလာအပ်ထားသည့် ဆိုင်ကယ်များကို ခိုးရောင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့က ဝပ်ရှော့ဆရာတွေအပေါ် ယုံကြည်မှုနဲ့ အလုပ် လုပ်ရတယ်လေ။ ကျွန်တော်တို့က သူ့ကိုယုံကြည်လို့ အလုပ်အပ်တာ။ သူကြတော့ ဆိုင်ကယ်ပြင်တဲ့ လူတိုင်းကို အလွှဲသုံးစား လုပ်သွားတယ်။ သူ့ဆိုင်မှာ ဆိုင်ကယ်လာပြင်တယ်။ သူ့ကို လာမေးရင် ကျွန်တော် မအားလို့တဲ့ သူများဆိုင်မှာ ပြင်ခိုင်းထားတဲ့ ပုံစံမျိုး ကျွန်တော်တို့ကို ပြောတယ်။ ပြောပြီးတော့မှ သူကြတော့ ဆိုင်ကယ်တွေ ရောင်းစားပစ်တာ။ လာပြင်တဲ့သူတွေကြတော့ အချိန်တွေ ဆွဲထားတယ်။ ဆိုင်ကယ်တွေရောင်းပြီး သူလိုချင်တဲ့ ပိုက်ဆံတွေ ရသွားလို့နေမှာပေါ့။ သင်္ကြန်တုန်းက ဆိုင်ပိတ်ပြီး ထွက်ပြေးသွားတယ်"ဟု အထက်ပါ ပိုင်ရှင်က ဆက်ပြောသည်။ 

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဇန်နဝါရီလက ဆိုင်ကယ်( ၂)စီး အပ်ထားပြီး နှစ်စီးစလုံးကို ရောင်းစားသွားခြင်းဖြစ်သည်ဟုလည်း ဆိုင်ကယ်ပိုင်ရှင် အမျိုးသားတစ်ဦးက ပြောသည်။

"ကျွန်တော့် ဆိုင်ကယ်လည်း ( ၂)စီး ခိုးရောင်းတာပါဗျ။ ကျွန်တော်နှစ်လပိုင်းတုန်းက ( ၂ )စီးလုံး အပ်ထားတယ်။ ခဏခဏ လာမေးတယ် သူက မရသေးဘူးလို့ ပြောလို့လေ။ နောက်ကျမှ သူပေါင်ထားလိုက်ပြီတဲ့။ သူပေါင်ထားတဲ့ နေရာလည်း တွေ့တယ်။ ကျွန်တော်ပြန်ရွေးမလို့ တစ်စီးကို (၈)သိန်းတဲ့။ ကျွန်တော်ပြန် မရွေးတော့ဘူး။ သူများဆိုင်ကယ် တော်တော်များများပါသွားတယ်။ သူခိုးရောင်းတဲ့ ဆိုင်ကယ်က အစီး (၂၀) လောက်ရှိတယ်"ဟု ပြောသည်။ 

ကိုသောင်းကြီးဆိုသူသည် ဆိုင်ကယ်များကို ခိုးရောင်းပြီးနောက်   ဧပြီ (၁၃)ရက်တွင် ဆိုင်ပိတ်ပြီး ထွက်ပြေးပုန်းရှောင်နေသည်မှာ ယနေ့ ၂၀၂၃ခုနှစ် ဧပြီလ(၂၈)ရက်နေ့အထိ ပြန်လည်ရောက်ရှိလာခြင်း မရှိသေးကြောင်း သိရသည်။