လားရှိုးတွင် ပြန်ပေးဆွဲ၊ ငွေညှစ်၊လုယက်မှုများကျူးလွန်သည်ဟု စွပ်စွဲခံရသူ ၄ ဦးကို ကိုးကန့်တရားစီရင်ရေးအဖွဲ့က သေဒဏ်ပေး

Photo: The Kokang
Photo: The Kokang
လားရှိုးတွင် ပြန်ပေးဆွဲ၊ ငွေညှစ်၊လုယက်မှုများကျူးလွန်သည်ဟု စွပ်စွဲခံရသူ ၄ ဦးကို ကိုးကန့်တရားစီရင်ရေးအဖွဲ့က သေဒဏ်ပေး
By Tachileik News Agency

ရှမ်းပြည်နယ်မြောက်ပိိုင်း လားရှိုးတွင် ပြန်ပေးဆွဲ၊ ငွေညှစ်၊ လုယက်မှုနှင့် လူသတ်မှုများ ကျူးလွန်သည်ဟု စွပ်စွဲခံရသည့် လူငယ် (၄)ဦးကို ၂၀၂၃ ခုနှစ် မေလ (၂) ရက်နေ့က ကိုးကန့်ဒေသတွင် အများပြည်သူရှေ့မှောက်၌ တရားစီရင်၍ သေဒဏ်ပေးလိုက်ကြောင်း The Kokang သတင်းတွင် ဖေါ်ပြထားသည်။

ပြစ်ဒဏ်ကျခံရသူများတွင် အသက်အငယ်ဆုံးမှာ (၁၈)နှစ်ဖြစ်ပြီး အသက်အကြီးဆုံးမှာ (၂၉)နှစ်ဖြစ်သည်ကို တွေ့ရသည်။

ကိုးကန့်တရားစီရင်ရေးအဖွဲ့က အသက် (၂၃)နှစ်အရွယ် Shi Weyong၊ အသက် (၂၉)နှစ်အရွယ် Guo Shaowei၊ အသက် (၁၈)နှစ်အရွယ် Shi Weichang နှင့် အသက် (၂၁)နှစ်အရွယ် Guo Shauokuan တို့ ကျူးလွန်ခဲ့သည့်ပြစ်မှုများကို အများပြည်သူရှေ့မှောက်တွင် ရှင်းလင်းတင်ပြပြီး ပြစ်ဒဏ်ပေးခြင်းဖြစ်သည်ဟု သတင်းဖေါ်ပြချက်အရ သိရသည်။

ယင်း(၄)ဦးအနက် တစ်ဦးမှာ အာဏာသိမ်းစစ်ကောင်စီတပ် လက်အောက်ခံ မန်ပန်ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟုလည်း ဖေါ်ပြထားသည်။

၎င်းတို့ပါဝင်ကျူးလွန်ခဲ့သည့် ပြန်ပေးဆွဲ၊ ဓါးပြတိုက်၊ လုယက်သတ်ဖြတ်မှု စုစုပေါင်း (၂၅)မှုတွင်  အသတ်ခံရသူများ၌ မြန်မာနိုင်ငံသားနှင့် တရုတ်နိုင်ငံသားများပါဝင်သည်ကို ဖေါ်ထုတ်တွေ့ရှိထားသည်ဟု ဖေါ်ပြထားသည်။

၎င်းတို့ကျူးလွန်သည့် အမှုများမှ ဖေါ်ထုတ်ရရှိသည့် ငွေနှင့် ပစ္စည်းများ၏ စုစုပေါင်း ပမာဏမှာ ယွမ် (၄.၇၇) သန်း (ကျပ်- ၇.၄၅၁ ဘီလီယံ) ရှိပြီး မော်တော်ယာဉ်များလည်း ပါဝင်ကြောင်း သိရသည်။

သတင်းဖေါ်ပြချက်အရ ၎င်းတို့ (၄)ဦးကျူးလွန်ခဲ့သည့်အမှုများမှာ လားရှိုးမြို့တွင် ၂၀၂၂ ခုနှစ် ဇူလိုင်လမှ ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလအထိ ကျူးလွန်ခဲ့သည့်အမှုများအပြင် မည်သည့်နေ့ရက်တွင် ကျူးလွန်သည်ကို အတည်ပြုနိုင်ခြင်းမရှိသေးသည့် အမှုများစွာလည်း ဖေါ်ထုတ်တွေ့ရှိခဲ့သည်ဟု သိရသည်။

အဆိုပါ (၄)ဦးက အမှုပေါင်း (၂၅)မှုကို ၎င်းတို့ကျူးလွန်ကြောင်း ကိုယ်တိုင်ခံဝန်ချက်ပေးသဖြင့် အများပြည်သူရှေ့မှောက်တွင် ၎င်းတို့အား ပိုင်ဆိုင်မှုများ သိမ်းဆည်းပြီး သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါအမှုများမှ လွတ်မြောက်နေဆဲ တရားခံများလည်း ရှိနေသည်ဟုဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတွင်း အခြေအနေများ မငြိမ်မသက်ဖြစ်နေချိန်တွင် အုပ်စုဖွဲ့ကျူးလွန်သည့် ရာဇဝတ်မှုများ များပြားလာသဖြင့် လူထု၏လုံခြုံရေးကို ခြိမ်းခြောက်နေသည့် မှုခင်းများကို နှိမ်နှင်းရခြင်းဖြစ်သည်ဟု MNDAA တပ်မဟာ ၆၁၁ ၏ခေါင်းဆောင်က လူထုအား ပြောကြားခဲ့သည်ဟု သိရသည်။