တာချီလိတ်ခရိုင်/မြို့နယ်တရားရုံး ဗုံး(၂)လုံး ပေါက်ကွဲ၍ မြို့တွင်းလမ်းများတွင် ညပိုင်းထွက်လာသူ မှန်သမျှ ဖမ်းဆီးမည်ဟု အသိပေး

တာချီလိတ်ခရိုင်/မြို့နယ်တရားရုံး ဗုံး(၂)လုံး ပေါက်ကွဲ၍ မြို့တွင်းလမ်းများတွင် ညပိုင်းထွက်လာသူ မှန်သမျှ ဖမ်းဆီးမည်ဟု အသိပေး

 နယ်စပ်ဒေသ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်အတွင်းရှိ ခရိုင်/မြို့နယ်တရားရုံးတွင် ယနေ့ ၂၀၂၁ခုနှစ် မေလ(၂)ရက်နေ့ ည(၈)နာရီခွဲဝန်းကျင်အချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားကြောင်း သိရသည်။

အနီးဝန်းကျင်တွင် နေထိုင်သူ၏ ပြောပြချက်အရ  ဗုံး(၂)လုံးပေါက်ကွဲသည်ဟု သိရပြီး၊ စစ်တပ်နှင့်ရဲတို့က လာရောက်စစ်ဆေးမှုများ ပြုလုပ်နေကြောင်းနှင့် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့်ရဲတို့က မြို့တွင်းလမ်းပေါ်နှင့် လုံခြုံရေးချထားပြီး၊ ညပိုင်းစစ်ဆေးမှုများကို လုပ်ဆောင်မည်ဖြစ်ကြောင်းနှင့် လမ်းတွင် တွေ့ရှိရသူများကို ဖမ်းဆီးမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ ည(၉)နာရီ(၁၅)မိနစ်ဝန်းကျင်အချိန်က ဆေးရုံဟောင်းရှေ့တွင် စစ်တပ်နှင့်ရဲများလုံခြုံရေးအပြည့်ချထားစဉ် အာရာဖတ်ကားတစ်စီး မောင်းလာသည်ကိုလည်းတွေ့ရ၍ ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်ကာ ရဲက အဆိုပါ ကားအားဆေးရုံထဲသို့ မောင်းသွားကြောင်း နှင့် ကားမှာ တရုတ်နိုင်ငံသားဖြစ်နိုင်ချေရှိသည်ဟု သိရသည်။

ယင်းအပြင် ညထွက်သူများအဖြစ်  ည(၉)နာရီခွဲဝန်းကျင်အချိန်အထိ ဂေါက်ကွင်းသွားလမ်းတွင် (၂)ဦး၊ ဆေးရုံဟောင်းရှေ့တွင် (၂)ဦး  ဖမ်းခံထားရသည်ဟုလည်း သိရသည်။



ဆေးရုံဟောင်းရှေ့တွင် လာသမျှ ယာဉ်များကို တားဆီးကာ ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်မည်ဟု သိရသည့်အတွက်  ယနေ့ညတွင် မည်သူမှ အပြင်မထွက်ရန် နှင့် ထွက်ပါက ဖမ်းဆီးမည်ဟုလည်း ရဲကားများက နီးစပ်ရာ လိုက်လံအသိပေးနေသည်။

တာချီလိတ်မြို့တွင် ညမထွက်အရ အမိန့်ထုတ်ထားသော်လည်း ဒေသအုပ်ချုပ်ရေးအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် KTV နှင့် Club များဖွင့်ထားဆဲဖြစ်၍ ညပိုင်းထွက်နေကြဆဲဖြစ်သည်။