ရွှေဝါရောင်တော်လှန်ရေး ဆန္ဒပြမှုအတွင်း ရန်ကုန်မြို့လယ်ခေါင်တွင် စစ်သားတစ်ဦး၏ အနီးကပ် ပစ်သတ်ခံခဲ့ရသူ ဂျပန်သတင်းထောက်၏ ကင်မရာ ပြန်ပေါ်လာ

 Photo: AFP
Photo: AFP
ရွှေဝါရောင်တော်လှန်ရေး ဆန္ဒပြမှုအတွင်း ရန်ကုန်မြို့လယ်ခေါင်တွင် စစ်သားတစ်ဦး၏ အနီးကပ် ပစ်သတ်ခံခဲ့ရသူ ဂျပန်သတင်းထောက်၏ ကင်မရာ ပြန်ပေါ်လာ
By Mr John

မြန်မာနိုင်ငံတွင် စစ်တပ်ကို ဆန့်ကျင်ဆန္ဒပြသည့် သံဃာတော်များ ဦးဆောင်သော ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ဆန္ဒပြမှုများအတွင်း ရန်ကုန်မြို့လယ်ခေါင်၌ စစ်သားတစ်ဦး၏ အနီးကပ် ပစ်ခတ်သတ်ဖြတ်ခံရသူ ဂျပန်သတင်းထောက် Kenji Nagai ၏ ဗီဒီယိုကင်မရာမှာ (၁၆) နှစ်ကြာပြီးနောက် ပြန်လည်ထွက်ပေါ်လာခဲ့သည်။ 

Nagai မှာ ရွှေဝါရောင်တော်လှန်ရေး ဆန္ဒပြမှုများကို သတင်းရယူနေစဥ် မြန်မာစစ်တပ်မှ စစ်သားတစ်ဦးက ရည်ရွယ်ချက်ရှိရှိ အနီးကပ် ပစ်ခတ်ခဲ့သည်ကို ဗီဒီယိုနှင့် ဓာတ်ပုံမှတ်တမ်းများတွင် မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။

ထိုစဥ်ကတည်းက Nagai နောက်ဆုံး ရိုက်ကူးမှတ်တမ်းတင်ခဲ့သည့် နောက်ဆုံးပုံရိပ်များနှင့်အတူ ၎င်း၏ကင်မရာမှာ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။ 

၂၀၂၃ ခုနှစ် ဧပြီလ (၂၆) ရက်နေ့တွင်မူ (၁၆) နှစ်ကြာ ပျောက်ကွယ်နေခဲ့သည့် ကင်မရာမှာ မြန်မာနိုင်ငံ ပြင်ပသို့ လျှို့ဝှက်ထုတ်ယူလာနိုင်ခဲ့ပြီး  Nagai ၏ မိသားစုထံ ပြန်လည် လွှဲပြောင်းပေးနိုင်ခဲ့ပြီ ဖြစ်သည်။ 

ထိုကင်မရာမှ မှတ်တမ်းများက Nagai ၏ နောက်ဆုံးအခိုက်အတန့်များကို သိရှိနိုင်မည့် သဲလွန်စများဖြစ်လိမ့်မည်ဟု မိသားစုက မျှော်လင့်ထားကြသည်။

၂၀၀၇ ခုနှစ်တွင် အသက် (၅၀) နှစ်အရွယ်ရှိပြီဖြစ်သည့် Nagai က  စစ်တပ်ကို ဆန့်ကျင်ဆန္ဒပြသည့် သံဃာတော်များ ဦးဆောင်သော ရွှေဝါရောင်တော်လှန်ရေး ဆန္ဒပြမှုများကို သတင်းရယူရန် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ 

Nagai မှာ တိုကျိုအခြေစိုက် APF သတင်းဌာနအတွက် သတင်းရယူရန်ဖြစ်ပြီး ထိုသတင်းဌာနက အန္တရာယ်ဇုန်များမှ သတင်းများကို ရယူတင်ဆက်လေ့ရှိကြောင်း သိရသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလ (၂၇) ရက်နေ့က ရန်ကုန်မြို့လယ်ခေါင် ဆူးလေဘုရားအနီးတွင် စစ်တပ်က ဆန္ဒပြ သံဃာတော်များနှင့် လူအုပ်စုကို ပစ်ခတ်ဖြိုခွင်းမှုအတွင်း Natai ကို စစ်သားတစ်ဦးက အနီးကပ် ပစ်ခတ်ခဲ့မှုကြောင့် သေဆုံးခဲ့သည်။ 

ပစ်ခတ်ခံရပြီးနောက် ကင်မရာကိုင်လျက်သား လမ်းမပေါ် လဲကျနေသည့် ဂျပန်သတင်းထောက် Nagai ၊ တိုက်ပွဲဝင်ယူနီဖောင်း ဝတ်ဆင်ထားကာ ခြေညှပ်ဖိနပ်စီးထားပြီး သေနတ်တစ်လက် ကိုင်ဆောင်ထားလျက် Nagai အနီးရပ်နေသော မြန်မာစစ်သားတစ်ဦးတို့၏ ဓာတ်ပုံမှာ ၂၀၀၈ ခုနှစ်တွင် ပူလစ်ဇာဆု (Pulitzer prize) ရရှိခဲ့သည့် သတင်းဓာတ်ပုံဖြစ်ခဲ့သည်။

ရွှေဝါရောင်တော်လှန်ရေးတွင် စစ်သားတစ်ဦး၏ အနီးကပ် ပစ်သတ်ခံရမှုကြောင့် Nagai သေဆုံးခဲ့မှုနှင့် ပတ်သက်၍ မည်သူ့ကိုမျှ တရားစွဲခဲ့ခြင်းမရှိဘဲ မြန်မာအစိုးရအရာရှိများက ထိုဖြစ်ရပ်ကို မတော်တဆမှုတစ်ခုအဖြစ် ပြောဆိုခဲ့ကြသည်။ 

သို့သော် ဂျပန်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် အလောင်းစစ်ဆေးမှုအရ Nagai မှာ (၃) ပေအတွင်းရှိ အကွာအဝေးမှ အနီးကပ် ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အဖြေထွက်ပေါ်ခဲ့သည်။

အကိုဖြစ်သူ၏ ကင်မရာကို ပြန်လည်ရရှိခြင်းအတွက် ဝမ်းသာပီတိဖြစ်မိကြောင်း Nagai ၏ ညီမ Noriko Ogawa က ဧပြီလ (၂၆) ရက်နေ့တွင် ပြောသည်။ 

Nagai ၏ ကင်မရာကို ပြန်ပေးရန် သူမ၏ တောင်းဆိုမှုအပေါ် မြန်မာအာဏာပိုင်များက လစ်လျူရှုခဲ့ပြီးနောက် ထိုကင်မရာရှိ မှတ်တမ်းများကို မြင်ခွင့်ရရန် မျှော်လင့်ချက် စွန့်လွှတ်ထားခဲ့ကြောင်း Noriko Ogawa က ဆိုသည်။ 

"ကျွန်မရဲ့အစ်ကိုလည်း ဒီနေ့ကို စောင့်ဆိုင်းနေခဲ့မယ်လို့ ကျွန်မ ထင်ပါတယ်။ ကျွန်မ ကင်မရာကို သူ့ရဲ့အုတ်ဂူဆီကို ယူသွားချင်ပါတယ်" ဟုလည်း သူမက ဖွင့်ဟခဲ့သည်။

သူမ၏ မိသားစုက Nagai ၏ ကင်မရာမှ မှတ်တမ်းများကို မြန်မာစစ်တပ်က သူမ၏အစ်ကိုအား သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သက်သေအထောက်အထားအဖြစ် ဂျပန်အာဏာပိုင်များထံ တင်ပြသွားမည်ဟု Noriko Ogawa က ပြောသည်။ 

အမှန်တရားကို ထုတ်ဖော်ပြောဖို့ မြန်မာအစိုးရကို ကျွန်မတို့ ဆက်လက် တောင်းဆိုသွားမှာပါ။ ဒီအချိန်မှာ ကမ္ဘာက မြန်မာကို ပြန်အာရုံစိုက်ဖို့ ကျွန်မ လိုလားပါတယ်

ဟုလည်း သူမက ဆိုသည်။

Nagai ၏ ကင်မရာမှ မှတ်တမ်းများကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Foreign Correspondents' Club of Thailand တွင် ဧပြီလ (၂၆) ရက်နေ့က ပထမဆုံးအကြိမ် မီဒီယာကို ထုတ်ဖော်ပြသခဲ့သည်။ 

ထိုမှတ်တမ်းများတွင် ကြီးမားသော လူအုပ်စုကြီး ရန်ကုန်မြို့လယ်ခေါင်၌ တုတ်များနှင့် ရိုင်ဖယ်သေနတ်များ ကိုင်ဆောင်ထားသည့် ရဲတပ်ဖွဲ့နှင့် စစ်သားများကို ထိပ်တိုက်ရင်ဆိုင်လျက် စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြနေခဲ့ကြကို တွေ့ရသည်။

နောက်ပိုင်းတွင် စစ်သားများအပြည့်တင်ဆောင်လာသည့် အစိမ်းရောင် စစ်တပ်ထရပ်ကားများက ဆန္ဒပြပွဲရှိရာ ရန်ကုန်မြို့လယ်ခေါင်သို့ ရောက်လာခဲ့ရာ ဆန္ဒပြသူများထံမှ လှောင်ပြောင်အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။ 

ထိုအချိန်တွင် Nagai က ကင်မရာကို ၎င်းဘက်သို့ ပြန်လှည့်ရိုက်ကူးပြီး စစ်တပ်ထရပ်ကားများကို လက်ညှိုးထိုးပြခဲ့သည်ကို တွေ့ရသည်။ 

Reuter ၏ ပူလစ်ဇာဆုရပုံ

၎င်း၏ နောက်ဆုံးပြောစကားမှာ

အခုပဲ စစ်တပ် ရောက်လာပါတယ်။ စစ်တပ်က ဟိုမှာပါ။ သူတို့မှာ လက်နက်အပြည့်အစုံနဲ့ပါ

 ဟု ဖြစ်သည်။



Nagai ၏ ကင်မရာကို DVB (Democratic Voice of Burma) သတင်းဌာနမှ သတင်းထောက်များက ရရှိခဲ့ကြခြင်း ဖြစ်သည်။ 



DVB အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်က လက်ရှိတွင် စစ်အာဏာသိမ်းခံထားရသည့် မြန်မာနိုင်ငံရှိ အရင်းအမြစ်များကို ကာကွယ်ရန်အတွက် ထိုကင်မရာကို မည်သို့ ရရှိခဲ့ကြောင်း အသေးစိတ် ထုတ်ဖော်မပြောနိုင်ဟု ဆိုသည်။ 



ဒါကို ဘယ်ဟာက မှန်တယ်။ ဘယ်ဟာက မှားတယ်ဆိုတာကိုသိတဲ့ နိုင်ငံသားကောင်းတစ်ယောက်ဆီကနေ ရရှိခဲ့တာပါ

ဟု ၎င်းက ပြောသည်။



DVB သတင်းဌာနက Nagai ၏ ကင်မရာကို ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် စစ်တပ်က တစ်ကျော့ပြန် အာဏာမသိမ်းမီရရှိခဲ့ခြင်း ဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အနည်းဆုံး သတင်းထောက် (၁၇) ဦး ဖမ်းဆီးခံခဲ့ရကြောင်း ကုလသမဂ္ဂ၏ အချက်အလက်များအရ သိရှိရသည်။ 

အာဏာသိမ်းပြီးနောက် တစ်လအကြာတွင် စစ်တပ်က DVB၊ Mizzima၊ 7Day News၊ Myanmar Now နှင့် ခေတ်သစ် သတင်းဌာနတို့ကို လိုင်စင်ပိတ်သိမ်းခဲ့သည်။

ထို့နောက် ၂၀၂၂ ခုနှစ်အတွင်း တာချီလိတ်သတင်းအေဂျင်စီ (Tachileik News Agency)၊ မြစ်ကြီးနားဂျာနယ်၊ 74 Media ၊ Delta News Agency ၊ ဇေယျာတိုင်း(မ်) သတင်းအေဂျင်စီ၊ ကန္တရဝတီတိုင်း(မ်)၊ ကမာရွတ်မီဒီယာ၊ မွန်သတင်းအေဂျင်စီနှင့် ဧရာဝတီသတင်းဌာနတို့ကိုလည်း ထုတ်ဝေခွင့်လိုင်စင်များ ပိတ်သိမ်းခဲ့သည်။ 

အာဏာသိမ်း စစ်အုပ်စုက စုစုပေါင်း သတင်းဌာန (၁၄) ခုကို လိုင်စင်ပိတ်သိမ်းခဲ့ပြီးနောက် စာပေတိုက် (၄) ခုနှင့် ပုံနှိပ်တိုက် (၂) ခုကိုလည်း ထုတ်ဝေခွင့်ပိတ်ခဲ့ခြင်းဖြစ်သည်။

Source: Bangkok Post