အာဏာသိမ်းစစ်တပ်က မွန်ပြည်နယ် မာန်အောင်ကျေးရွာကို လက်နက်ကြီးဖြင့် နှစ်ရက်ဆက်တိုက်ပစ်ခတ်ပြီး ရွာတွင်းဝင်လာ၍ ရွာလုံးကျွတ် ထွက်ပြေးနေရ

 အာဏာသိမ်းစစ်တပ်က မွန်ပြည်နယ် မာန်အောင်ကျေးရွာကို လက်နက်ကြီးဖြင့် နှစ်ရက်ဆက်တိုက်ပစ်ခတ်ပြီး ရွာတွင်းဝင်လာ၍ ရွာလုံးကျွတ် ထွက်ပြေးနေရ
ဧပြီ 8, 2021 | နိုင်ငံရေး

 

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်မည်ဟု ကြေညာထားသည့် အာဏာသိမ်းစစ်တပ်က ၂၀၂၁ ခုနှစ်၊ ဧပြီလ (၈) ရက်နေ့ နံနက် (၉)နာရီအချိန်က မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ KNU တပ်မဟာ ၆ နယ်မြေ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် မာန်အောင်ကျေးရွာကို လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်ပြီး ညနေပိုင်းတွင် ရွာတွင်းဝင်လာသဖြင့် ရွာလုံးကျွတ်ထွက်ပြေးနေရကြောင်း  KNU သတင်းထုတ်ပြန်ရေး သူးလေသတင်းစဉ်ထံမှ သိရသည်။

အာဏာသိမ်စစ်တပ်သည် ဘုန်းကြီးကျောင်းနှင့် ကျေးရွာများအတွင်း နေရာယူထားကြသည်ဟု သိရသည်။

အဆိုပါကျေးရွာအနီးတွင် ဧပြီလ (၆) ရက်နေ့က အာဏာသိမ်းစစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တို့ တိုက်ပွဲဖြစ်ပွားမှုအတွင်း ရွာသား (၁) ဦးသေဆုံးခဲ့ရပြီး စစ်တပ်က ရွာသားများကို အကာအကွယ်ယူ စစ်ရေးလှုပ်ရှားမှုကြောင့် KNU က ကျေးရွာလုံခြုံရေးတပ်စခန်းတစ်ခုကို ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

ယင်းနောက် ဧပြီလ (၇) ရက်နေ့ နံနက်ပိုင်းကလည်း ခလရ-၂၉၉ နှင့် ဧပြီလ (၈) ရက်နေ့တွင် အမှတ်-၃၁၆ အမြောက်တပ်ရင်းတို့က ကျေးရွာအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြပြီး ယနေ့ နံနက် (၉)နာရီဝန်းကျင်က လက်နက်ကြီး (၆)လုံးဖြင့် ပစ်ခတ်ခဲ့သည့်အနက် (၅) လုံးမှာ ကျေးရွာအနီး ကျရောက်ကာ (၁) လုံးမှာ ကျေးရွာအတွင်း ကျရောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

နှစ်ရက်ဆက်တိုက် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူထိခိုက်မှုမရှိခဲ့သော်လည်း ညနေပိုင်းတွင် ကျေးရွာအတွင်း ဝင်လာကြသဖြင့် ရွာလုံးကျွတ်ထွက်ပြေးခဲ့ကြရခြင်းဖြစ်ကြောင်း သိရသည်။

စစ်တပ်က KNU နယ်မြေများအတွင်း လေကြောင်းတိုက်ခိုက်မှုဖြင့်ပါ ဝင်ရောက်တိုက်ခိုက်နေသဖြင့် ဒေသခံအများအပြား ကျေးရွာများစွန့်ခွာ၍ တိမ်းရှောင်နေကြရခြင်းဖြစ်သည်။