ပြည်ပရွှေ့ပြောင်းလုပ်သားအများဆုံးရှိသည့် ရှမ်းပြည်နယ်တွင် ရွှေ့ပြောင်းလုပ်သားအရေးဆောင်ရွက်သည့်အဖွဲ့ နည်းပါးနေ

ပြည်ပရွှေ့ပြောင်းလုပ်သားအများဆုံးရှိသည့် ရှမ်းပြည်နယ်တွင် ရွှေ့ပြောင်းလုပ်သားအရေးဆောင်ရွက်သည့်အဖွဲ့ နည်းပါးနေ
ဒီဇင်ဘာ 18, 2019
By Tachileik News Agency
 ပြည်ပရွှေ့ပြောင်းလုပ်သားအများဆုံးရှိသည့် ရှမ်းပြည်နယ်တွင် ရွှေ့ပြောင်းလုပ်သားအရေး
ဆောင်ရွက်သည့်အဖွဲ့ နည်းပါးနေ

ပြည်ပရွှေ့ပြောင်းလုပ်သားအများဆုံးရှိနေသည့် ရှမ်းပြည်နယ်တွင် ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သည့် အဖွဲ့ (၂) ဖွဲ့သာ ရှိနေသဖြင့် အဖွဲ့အစည်းများ ထပ်မံလိုအပ်နေပြီး ပြည်တွင်း၊ ပြည်ပအဖွဲ့များ ချိတ်ဆက်ဆောင်ရွက်မှု ပိုမိုလုပ်ဆောင်ရန်လိုအပ်သည်ဟု အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) က ထောက်ပြပြောဆိုလိုက်သည်။

လက်ရှိတွင် ရှမ်းပြည်နယ်အတွင်း ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေသည့်အဖွဲ့များမှာ ကျိုင်းတုံမြို့တွင် အခြေစိုက်သည့် မော်ကွမ်ဒေသဖွံ့ဖြိုးရေးအဖွဲ့နှင့် တာချီလိတ်မြို့တွင် အခြေစိုက်သည့် ILO ကဖွင့်လှစ်သည့် အဖွဲ့အစည်း (၂)ခုသာရှိနေသေးကြောင်း သိရသည်။

"ပြည်ပကိုသွားတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေအတွက် အဖွဲ့အစည်းတွေက ၂၀၁၂ ခုနှစ်လောက်မှာ အင်မတန်မှ နည်းပါတယ်။ သိပ်မရှိသလောက်ပဲ။ အခုချိန်မှာတော့ အဖွဲ့အစည်းတွေ တွေ့ရတယ်။ ပြည်တွင်း အဖွဲ့အစည်းတွေတင် မကဘူး။ ဆိုက်ရောက်နိုင်ငံတွေမှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း လိုအပ်တယ်လို့ မြင်ပါတယ်။ ဒါမှ ပြည်ပနိုင်ငံတွေမှာ ရောက်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေ အကူအညီတောင်းခံလာရင် ကူညီပေးလို့ရမှာပါ။ ငွေကြေးဆိုင်ရာ အကူအညီတွေလည်း လိုအပ်ပါတယ်။ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်ပေးတဲ့ အဖွဲ့အစည်းတွေလည်း လိုအပ်နေသေးတယ်လို့ ကျွန်မမြင်ပါတယ်"ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့(ILO)မှ အမျိုးသားစီမံကိန်းညှိနှိုင်းရေးမှူး ဒေါ်ခွန်ဆာမွန်းထွယ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရွှေ့ပြောင်းလုပ်သားများအရေးသတိထားမိစေရန်အတွက် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားနေ့ အခမ်းအနားကို တာချီလိတ်မြို့တွင် ပထမဆုံးအကြိမ်အဖြစ် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၈)ရက်နေ့ နံနက်ပိုင်းတွင် ILO က ဦးဆောင်ကျင်းပခဲ့သည်ကို တွေ့ရသည်။

အဆိုပါအခမ်းအနားတွင် တာချီလိတ်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန(ကျိုင်းတုံ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဦးခင်မောင်၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့(ILO)မှ အမျိုးသားစီမံကိန်းညှိနှိုင်းရေးမှူး ဒေါ်ခွန်ဆာမွန်းထွယ်တို့နှင့်အတူ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းအလုပ်သမားနေ့အဖြစ် ဒီဇင်ဘာလ (၁၈) ရက်နေ့ကို သတ်မှတ်ကျင်းပရန် ၂၀၀၀ ပြည့်နှစ် ကုလသမဂ္ဂ၏ (၅၅) ကြိမ်မြောက် အထွေထွေညီလာခံတွင် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်း(International Organization for Migration) ၏ (၁၄၇)နိုင်ငံမြောက်အဖွဲ့ဝင်ဖြစ်လာသည့် မြန်မာနိုင်ငံတွင်လည်း အခမ်းအနားများ ကျင်းပနေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ဟန်စိုးထိုက်

  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~