PDF ခရမ်း၏ ရဲဘော် (၆)ဦး ဖမ်းဆီးခံရပြီးနောက် ဆက်သွယ်ထားသူများ ရှောင်တိမ်းကြရန် အသိပေး

PDF ခရမ်း၏ ရဲဘော် (၆)ဦး ဖမ်းဆီးခံရပြီးနောက် ဆက်သွယ်ထားသူများ ရှောင်တိမ်းကြရန် အသိပေး

 

ရန်ကုန်တိုင်း၊ ခရမ်းမြို့တွင် PDF ခရမ်း၏ ရဲဘော် (၆ )ဦး ၂၀၂၃ ခုနှစ်၊ ဧပြီလ ( ၂၂)ရက်က ဖမ်းဆီးခံရကြောင်း သိရသည်။

အဆိုပါ ရဲဘော် ( ၆ )ဦးသည် စစ်ကောင်စီထံ မတော်တဆ ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့ကို ဖမ်းဆီးနှိပ်စက်၍ ကွင်းဆက်များကို လိုက်ဖမ်းဆီးမှုများ၊ မြို့နေပြည်သူများ ကို ဖမ်းဆီးခြင်းများ ဆက်တိုက်ပြုလုပ်နေကာ ရဲဘော်များ၏ဖုန်းများနှင့် ဆက်သွယ်ခြင်းများကိုလည်း ပြုလုပ်နေသည်ဟု PDF ခရမ်းက  ဧပြီလ (၂၃)ရက်နေ့တွင် အသိပေးထားရှိသည်။

ထို့ကြောင့် ရဲဘော်တို့နှင့် ဆက်စပ်သူများ အထူးသတိထားရှောင်ရှားကြရန်နှင့် မြို့နေလူထုအနေဖြင့်လည်း စစ်ကောင်စီ၏ ထင်ရာစိုင်း ဖမ်းဆီးမှုများကို ရှောင်ရှားကြရန်လည်း အရေးပေါ်ထုတ်ပြန်ကြေညာ ထားသည်။

ဖမ်းဆီးခံရသည့် ရဲဘော် (၆)ဦးမှာ ရဲဘော် ရနောင်၊ ရဲဘော် မှေးကြီး၊ ရဲဘော် ဗိုက်ကလေး၊ ရဲဘော် သာလိကာ၊ ရဲဘော် စာကလေး၊ ရဲဘော် DK တို့ဖြစ်ကြောင်း သိရသည်။

"ခရမ်းမှာ စစ်ခွေးတွေ ရပ်ကွက်တွေ၊ ရွာတွေထဲအထိ အရပ်ဝတ်တွေနဲ့ သွားလာနေတယ်။ ဘုန်းကြီးကျောင်းတွေမှာလည်း တပ် စွဲနေတယ်။"ဟု ခရမ်းမြို့နေဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ခရမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ ရဲစခန်း၊ လူဝင်မှုကြီးကြပ်ရေးရုံး၊ စစ်ဆေးရေးဂိတ်များကို ၂၀၂၃ခုနှစ်၊ မတ်လ (၃၀)ရက်မှ ဧပြီလ (၁၄)အတွင်း (၇) ကြိမ်တိုက်ခိုက်ခံရပြီးနောက် ယင်းသို့ဖမ်းဆီးသွားခြင်း ဖြစ်ပြီး ဒေသခံများကိုလည်း ဖမ်းဆီးထားခြင်းများရှိနေကြောင်း သိရသည်။

လက်ရှိတွင် စစ်စစ်ကောင်စီသည် ၎င်းတို့၏ ရုံးဌာနများကို တိုက်ခိုက်လာမည်ကို စိုးရိမ်သဖြင့် ခရမ်းမြို့နယ်အတွင်း၌ ဆိုင်ကယ်စီးခွင့်ပါ ပိတ်ပင်ထားသည်။