မော်လူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၄ ဦး သေပြီး ၇ ဦး အရှင်ဖမ်းမိဟု ABSDF ထုတ်ပြန်

မော်လူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၄ ဦး သေပြီး ၇ ဦး အရှင်ဖမ်းမိဟု ABSDF ထုတ်ပြန်

စစ်ကိုင်းတိုင်း မော်လူးမြို့အား တော်လှန်ရေးတပ်များက ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၃)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၁၄)ဦးသေပြီး (၇)ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ABSDF ထံမှ သိရသည်။

မော်လူးမြို့ရဲစခန်းအား ABSDF၊  KIA၊  KPDF၊ ဒေသခံ ပကဖ၊ ပအဖ၊ ပလဖ ရဲဘော်များပူးပေါင်း၍ တိုက်ခိုက်ခဲ့ရာ နံနက် (၆)နာရီတွင် အလုံးစုံသိမ်းပိုက်နိုင်ခဲ့ပြီး မော်လူးရဲစခန်းကို တပ်ပေါင်းစုမှ တိုက်ခိုက်နေစဥ်  မိုးညှင်းမြို့နယ် ညောင်ကိုင်းကျေးရွာအနီးရှိ အမတ(၉၀၄) အမြောက်တပ်မှ ဟောင်ဝပ်ဇာများဖြင့် ပစ်ကူပေးခဲ့သည်ဟု သိရသည်။

 

မော်လူးမြို့အား သိမ်းပိုက်ပြီးချိန် စစ်ကောင်စီတပ်က လေယာဥ်ဖြင့် ဗုံးကြဲခြင်း၊ ပွိုင့်ဖိုက်ဖြင့် ပစ်ခြင်းတို့ လုပ်ဆောင်ခဲ့ပြီး တိုက်လေယာဥ်အန္တရာယ်ကြောင့် မော်လူးမြို့ရှိ ပြည်သူ(၁၀,၀၀၀)ဝန်းကျင် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရဆဲဖြစ်သည်ဟု ဆိုသည်။

မော်လူးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၁၄)ဦးသေပြီး စစ်သုံ့ပန်း (၇)ဦးကို ဖမ်းဆီးရမိခဲ့သည့်အပြင် လက်နက်ငယ်           (၂၁)လက်၊ ခြောက်လုံးပြူး တစ်လက်၊ နင်းမိုင်း (၅)လုံး၊ လက်ပစ်ဗုံး (၂၄)လုံး၊ G3 ကျည်(၃၀၀၀)ကျော်၊ MAကျည် (၃၀၀)ကျော်၊ (၉)မမ ကျည်(၂၀၀)ကျော်၊ ရာဘာကျည် (၃၀)တောင့်၊ G3 ကျည်ဘောက် (၄၂)ခု၊ MA ကျည်ဘောက် (၆)ခု၊ အူဇီကျည်ဘောက်(၆)ခု၊ ကွန်ပျူတာတစ်လုံး၊ ဖုန်းနှစ်လုံးနှင့် ဆက်သွယ်ရေးစက် တစ်လုံးတို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)မှ ရဲဘော် နှစ်ဦး ကျဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် ရဲစခန်းအား ပြန်လည်ရှင်းလင်းရာတွင် အရိုးပြာကျနေသည့် အလောင်း (၃)လောင်းကို ထပ်မံတွေ့ရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency