လှုပ်လှုပ်ရှားရှား ဖြစ်လာသည့် ဖိလစ်ပိုင်၊ အမေရိကန်၊ တရုတ် သုံးပွင့်ဆိုင် ဆက်ဆံရေး

လှုပ်လှုပ်ရှားရှား ဖြစ်လာသည့် ဖိလစ်ပိုင်၊ အမေရိကန်၊ တရုတ် သုံးပွင့်ဆိုင် ဆက်ဆံရေး
By Mr John

 အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာတို့ မေလ (၁) ရက်နေ့တွင် အိမ်ဖြူတော်၌ တွေ့ဆုံသွားမည်ဟု အမေရိကန်နှင့် ဖိလစ်ပိုင်တို့က ဧပြီလ (၂၁) ရက်နေ့တွင် ပြောသည်။ 

ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးလက်ထက်တွင်မူ အမေရိကန် နှင့် ဖိလစ်ပိုင် ဆက်ဆံရေးမှာ အေးစက်စက်ဖြစ်နေခဲ့သော်လည်း ယခု  မားကို့စ် သမ္မတဖြစ်လာပြီးနောက် မဟာမိတ် နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုမိုကောင်းမွန်လာခဲ့သည်။ 

 

ဒူတာတေးက အမေရိကန်နှင့် ပတ်သက်၍ လူသိရှင်ကြား ဆန့်ကျင်ပြောဆို ဝေဖန်ခဲ့သည်။

အမေရိကန်နှင့်တရုတ် နှစ်နိုင်ငံလုံးက ဒေသတွင်း မဟာဗျူဟာမြောက် အသားစီးရရှိရန် အပြိုင်အဆိုင် ကြိုးပမ်းနေကြသည်။

ဘိုင်ဒန်နှင့် မားကို့စ်တို့ တွေဆုံရာတွင် စီးပွားရေးနှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များကို ဆွေးနွေးသွားကြမည်ဟု အိမ်ဖြူတော်ပြောခွင့် ရပုဂ္ဂိုလ် Karine Jean-Pierre က ထုတ်ပြန်ချက်တွင် ပြောထားသည်။ 

"ခရီးစဉ်အတွင်း သမ္မတဘိုင်ဒန်က ဖိလစ်ပိုင်ရဲ့ ကာကွယ်ရေးအတွက် အမေရိကန်ရဲ့ ခိုင်မာ‌သော ကတိကဝတ်ပြုမှုကို ထပ်လောင်း အတည်ပြုသွားပါမည်"ဟု အိမ်ဖြူတော်ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယခု ခရီးစဉ်မှာ တစ်နှစ်မပြည့်မီအတွင်း သမ္မတ မားကို့စ်၏ ဒုတိယအကြိမ် အမေရိကန်ခရီးစဉ်ဖြစ်မည် ဖြစ်ပြီး ခရီးစဉ်ကာလမှာ ဧပြီလ (၃၀) ရက်မှ မေလ (၄) ရက်အထိဖြစ်ကြောင်းနှင့် သမ္မတဘိုင်ဒန်နှင့် အဓိကကျသည့် အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံသွားမည်ဟု ဖိလစ်ပိုင်သမ္မတနန်းတော်က ဧပြီလ (၂၂) ရက်တွင် ပြောသည်။ 

မားကို့စ်က စိုက်ပျိုးရေး၊ စွမ်းအင်၊ ရာသီဥတုပြောင်းလဲမှု၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီနှင့် ဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်နှင့် အခြေခံအဆောက်အအုံ ကဏ္ဍတို့တွင် အမေရိကန်နှင့် ပိုမိုရင်းနှီးသော မိတ်ဖက်ပြု ပူပေါင်းဆောင်ရွက်ရေး ကြိုးပမ်းသွားမည်ဟုလည်း ဖိလစ်ပိုင်သမ္မတနန်းတော်က ဖြည့်စွက် ပြောထားသည်။

လက်ရှိတွင် ဖိလစ်ပိုင်နှင့် အမေရိကန် စစ်သား (၁၇,၀၀၀) ကျော်က ဖိလစ်ပိုင်တွင် အကြီးဆုံး စစ်ရေးလေ့ကျင့်မှုအဖြစ် ပူးတွဲစစ်ရေးလေ့ကျင်မှု လုပ်ဆောင်နေရာ တရုတ်က ဝေဖန်ခဲ့သည်။ 

ဖိလစ်ပိုင်က နောက်ထပ် အမေရိကန်စစ်စခန်း (၄) ခု အခြေစိုက်ခွင့်ပြုလိုက်ပြီးနောက် သီတင်းပတ်အကြာ ဧပြီလ (၂၂) ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang က သမ္မတမားကို့စ်နှင့် လာရောက်တွေ့ဆုံမည် ဖြစ်သည်။

ပြီးခဲ့သည့် မတ်လအတွင်းကလည်း အဓိကကျသည့် ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်သလို ဖိလစ်ပိုင်နှင့် တရုတ်တို့အကြား တင်းမာမှု၏ အဓိက အကြောင်းရင်းတစ်ခုလည်းဖြစ်သည့် တောင်တရုတ်ပင်လယ်ပြင်ကိစ္စကို နှစ်နိုင်ငံ သံတမန်များ ဖိလစ်ပိုင်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

ဖိလစ်ပိုင်သမ္မတ မားကို့စ်က ၂၀၂၃ ခုနှစ် ဇန်နဝါရီလ အစောပိုင်းတွင် တရုတ်နိုင်ငံသို့ သွားရောက်ပြီး သမ္မတရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့သေးသည်။

ဖိလစ်ပိုင်တွင် မားကို့စ် သမ္မတဖြစ်လာပြီးနောက် ဖိလစ်ပိုင်၊ အမေရိကန်၊ တရုတ် သုံးပွင့်ဆိုင် ဆက်ဆံရေးမှာ လှုပ်လှုပ်ရှားရှား ဖြစ်လာသည်ဟု ဆိုရမည်ဖြစ်သည်။

 

Source: Reuters