ထိုင်းနိုင်ငံတောင်ပိုင်း နေရာ (၁၇) ခုတွင် ဗုံးခွဲမှုနှင့် မီးရှို့တိုက်ခိုက်မှုများ ဖြစ်ပွား

ဩဂုတ်လ(၁၇)ရက်နေ့က  ထိုင်းနိုင်ငံတောင်ပိုင်း ယာလာခရိုင်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့စဉ် [ Photo: REUTERS/Surapan Boonthanom ]
ဩဂုတ်လ(၁၇)ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း ယာလာခရိုင်တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့စဉ် [ Photo: REUTERS/Surapan Boonthanom ]
ထိုင်းနိုင်ငံတောင်ပိုင်း နေရာ (၁၇) ခုတွင် ဗုံးခွဲမှုနှင့် မီးရှို့တိုက်ခိုက်မှုများ ဖြစ်ပွား
သြဂုတ် 18, 2022 | နိုင်ငံတကာသတင်း
By Mr John

ထိုင်းနိုင်ငံတောင်ပိုင်းရှိ အနည်းဆုံး နေရာ (၁၇) ခုတွင် ဩဂုတ်လ (၁၇) နေ့က ပေါက်ကွဲမှုများနှင့် မီးရှို့မှုများ ဖြစ်ပွားခဲ့ပြီး လူ (၇) ဦး ဒဏ်ရာရခဲ့ကာ ချိတ်ဆက်တိုက်ခိုက်မှုများ ဖြစ်ပုံရကြောင်း အာဏာပိုင်များက ပြောသည်။ 

ဩဂုတ်လ (၁၆) ရက် ညသန်းခေါင်ကျော်အချိန်တွင် ပြည်နယ် (၃) ခုရှိ စတိုးဆိုင်များနှင့် ဂက်စ်အရောင်းဆိုင်တစ်ဆိုင်ကို ပစ်မှတ်ထားခဲ့သည့် ဗုံးခွဲမှုနှင့် မီးရှို့တိုက်ခိုက်မှုများမှာ ဖြစ်ပွားခဲ့ကြောင်းနှင့် အနည်းဆုံး လူ (၇) ဦး မပြင်းထန်သည့် ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်စစ်တပ်၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

ထိုတိုက်ခိုက်မှုများကို ယခုအထိ မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့ကြောင်း ထုတ်ဖော်ပြောခြင်း မရှိသေးဟု ဆိုသည်။ 

မလေးရှားနိုင်ငံနှင့် နယ်စပ်တစ်လျှောက် ထိုင်းတောင်ပိုင်း ပြည်နယ်များတွင် ဆယ်စုနှစ်တစ်ခုကြာ မထင်ရှားသည့် သောင်းကျန်သူအဖွဲ့ငယ်များ လှုပ်ရှားမှုရှိနေခဲ့သည်။ 

မွတ်စလင်မ်အများစု နေထိုင်ကြသည့်     ပတ္တာနီ, ယလာ, နရာဓိဝါသ နှင့် သင်္ခလာ စသည့် ပြည်နယ်များ၏ အစိတ်အပိုင်းများ လွတ်လပ်ရေးအတွက် လှုပ်ရှားနေသည့်အုပ်စုများကို ထိုင်းအစိုးရက တိုက်ခိုက်နေခဲ့သည်။

ထိုင်းတောင်ပိုင်းတွင် ၂၀၀၄ ခုနှစ်ကတည်းက စတင်ဖြစ်ပွားနေခဲ့သည့် ပဋိပက္ခအတွင်း လူ (၇,၃၀၀) ကျော် သေဆုံးခဲ့ကြောင်း အကြမ်းဖက်မှုစောင့်ကြည့်အဖွဲ့ Deep South Watch ၏ စာရင်းအချက်အလက်များအရ သိရသည်။ 

၂၀၁၃ ခုနှစ်တွင် စတင်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးမှုများမှာလည်း အကြိမ်ကြိမ် ပျက်ပြားခဲ့သည်။

ယခုနှစ်အစောပိုင်းတွင် ထိုင်းအစိုးရက နိုင်ငံတောင်ပိုင်းရှိ အဓိက သောင်းကျန်းသူအဖွဲ့ဖြစ်သည့် Barisan Revolusi Nasional နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြန်လည်စတင်ခဲ့ပြီးနောက်ပိုင်း ဩဂုတ်လ (၁၇) ရက်နေ့ တိုက်ခိုက်မှုများ ဖြစ်ပွားလာခဲ့ခြင်းလည်း ဖြစ်သည်။

 ဆွေးနွေးမှုများမှာ COVID-19 ကပ်ရောဂါကြောင့် (၂) နှစ်ကြာ ရပ်ဆိုင်းနေခဲ့ရသည်။

အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် မပါဝင်ခဲ့သော Patani United Liberation Organisation (PULO) က ယခုနှစ် မွတ်စလင်မ်တို့၏ ဥပုသ်လအတွင်း ဗုံးခွဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ဖူးပြီး ဆွေးနွေးမှုမှာ အားလုံးပါဝင်ခြင်းမရှိဟု ပြောဆိုခဲ့သည်။

 

ထိုင်းအစိုးရက အဖွဲ့အားလုံးနှင့် ဆွေးနွေးရန်အသင့်ရှိကြောင်း ထုတ်ပြန်ထားသည်။ 

ဩဂုတ်လ (၁၇) ရက်နေ့၏ တိုက်ခိုက်မှုများမှာ PULO နှင့် သက်ဆိုင်ခြင်းမရှိကြောင်း ထိုအဖွဲ့၏ခေါင်းဆောင် Kasturi Makhota က Reuters သတင်းဌာနကို ပြောခဲ့သည်။

Source: Reuters