ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ် လုပ်ကိုင်နေသည့် အလုပ်ကြီးကြပ်သူ တရုတ်နိုင်ငံသား နှင့် မြန်မာရွှေ့ပြောင်းအလုပ်သမား (၂၃) ဦး ဖမ်းခံရ

ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ် လုပ်ကိုင်နေသည့် အလုပ်ကြီးကြပ်သူ တရုတ်နိုင်ငံသား နှင့် မြန်မာရွှေ့ပြောင်းအလုပ်သမား (၂၃) ဦး ဖမ်းခံရ
By Mr John

 ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ် လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အမျိုးသားတစ်ဦးနှင့် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား (၂၃) ဦးကို ဆမွတ်ပရာကန်ပြည်နယ် Bang Phli ခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခုတွင် ဝင်ရောက်စီးနင်းမှုအတွင်း ဖမ်းဆီးရမိကြောင်း သိရသည်။ 

ဖမ်းဆီးခံရသည့် တရုတ်အမျိုးသားက ထိုင်းနိုင်ငံအတွင်းသို့ ခရီးသွားဗီဇာဖြင့် ဝင်ရောက်လာခဲ့သူဖြစ်ကြောင်း သိရသည်။

တံတားတစ်ခုအနီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် တရားမဝင် အလုပ်သမားများကို အလုပ်ခန့်ထားကြောင်း သတင်းပေးမှုရရှိပြီးနောက် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ထိုနေရာကို ၂၀၂၃ခုနှစ် ဧပြီလ (၂၇) ရက်နေ့က ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။ 

ဝင်ရောက်စီးနင်းမှုအတွင်း ဖမ်းဆီးရေးအဖွဲ့ကို မြင်တွေ့သွားကြသည့် အလုပ်သမားများက ထွက်ပြေးကြသော်လည်း (၂၃)ဦးမှာ ဖမ်းဆီးခံလိုက်ရကြောင်း နှင့် ၎င်းတို့အားလုံးမှာ အလုပ်လုပ်ရန် တရားဝင်ခွင့်ပြုချက် (work permit) ရရှိ မထားသည့် မြန်မာနိုင်ငံသားများဖြစ်ကြောင်း သိရသည်။

 

ရဲအရာရှိများက အလုပ်သမားများနှင့် ပတ်သက်၍ အချက်အလက်များ သိရှိနိုင်ရန် ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ကြီးကြပ်နေသူ တရုတ်နွယ်ဖွား ထိုင်းလူမျိုးတစ်ဦး ဖြစ်ပုံရသော အမျိုးသားကို စစ်ဆေးမေးမြန်းခဲ့သည်။

သို့သော် ထိုအမျိုးသား၏ အပြုအမူမှာ သံသယဖြစ်ဖွယ်ရှိရာမှ ၎င်းမှာ Nibg Shoshi အမည်ရှိ တရုတ်နိုင်ငံသားဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံအတွင်းသို့ ခရီးသွားဗီဇာဖြင့် ဝင်ရောက်ခဲ့သူဖြစ်ကြောင်း အရာရှိများက ဖော်ထုတ်သိရှိခဲ့ရသည်။ 

စစ်ဆေးမေးမြန်းမှုအတွင်း ထိုတရုတ်အမျိုးသားက ၎င်းမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင် ကြီးကြပ်သူအဖြစ် တရားဝင်ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်နေသူဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။ 

၎င်းနှင့်အတူ မြန်မာ (၂၃) ဦးကိုလည်း  ဥပဒေအရ ဆက်လက် အရေးယူဆောင်ရွက်ရန် Bang Phli ခရိုင်ရဲစခန်းသို့ လွှဲပြောင်းခဲ့ပြီး သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်ပို့သွားမည်ဟု ဆိုသည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် စီးပွားရေးအခြေအနေများ သိသိသာသာ ဆိုးရွားနေရာ အဖမ်းအဆီးနှင့် စစ်ဆေးမှုများ တင်းကျပ်နေသော်လည်း အလုပ်အကိုင်အတွက် အိမ်နီးချင်း ထိုင်းနိုင်ငံအတွင်းသို့ နေ့စဥ် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သူများရှိနေသည်။

ဧပြီလ (၂၆)ရက်နေ့၏ ညပိုင်းကလည်း ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ် ဆောင်ခလာခရိုင်အတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူ မြန်မာ (၄၂) ဦး အဖမ်းခံခဲ့ရသေးသည်။ 

 

 

Source: Bangkok Post