မြဝတီ - မဲဆောက် ချစ်ကြည်ရေးတံတား(၁) ကို မေလ(၁၅)ရက်နေ့တွင် ပြန်ဖွင့်မည်ဟု ထိုင်းဘက်က မျှော်လင့်

မြဝတီ - မဲဆောက် ချစ်ကြည်ရေးတံတား(၁) ကို မေလ(၁၅)ရက်နေ့တွင် ပြန်ဖွင့်မည်ဟု ထိုင်းဘက်က မျှော်လင့်
By Mr John

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ မဲဆောက် နှင့် မြဝတီအကြားရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားကို မေလ (၇) ရက်နေ့အထိ ပိတ်ထားဆဲဖြစ်ရာ အစောပိုင်းက စီစဥ်ထားခဲ့သည့် ပြန်ဖွင့်မည့် အစီအစဥ် ရွှေ့ဆိုင်းသွားခဲ့ပြီးနောက် ယခုအခါတွင် မေလ(၁၅)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်လိမ့်မည်ဟု ထိုင်းဘက်က မျှော်လင့်ထားကြောင်း သိရသည်။ 

(၂)နှစ်ကျော်ကြာ ပိတ်ထားခဲ့သည့် ထိုင်းနှင့်ထိစပ်သည့် နယ်စပ်ပေါက်များအနက် မဲဆောက် - မြဝတီအကြား ချစ်ကြည်ရေးတံတား(၁)ကို  မြန်မာနိုင်ငံအတွင်း အခြေအနေပေါ်မူတည်ပြီး မူလက မေလ (၅) ရက်နေ့တွင် ပြန်ဖွင့်ရန် စီစဥ်ထားခဲ့ကြောင်း Bangkok Post သတင်းဌာန၏ မေလ (၃) ရက် သတင်းတွင် ဖော်ပြခဲ့သော်လည်း အမှတ် (၁) ချစ်ကြည်ရေးတံတားကို မေလ(၇)ရက်နေ့အထိ ဆက်လက်ပိတ်ထားဆဲဖြစ်သည်။



ယခုအခါ ထိုနယ်စပ်ဂိတ်ကို မေလ (၁၅) ရက်နေ့တွင် ပြန်ဖွင့်မည်ဟု မျှော်လင့်ရပြီး မြဝတီမြို့ရှိ ဒေသအာဏာပိုင်များက မြန်မာဘက်ခြမ်းတွင် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းစဥ်များ ပြန်လည်စတင်ရန် သက်ဆိုင်ရာဌာနများနှင့် ပြင်ဆင်ဆောင်ရွက်နေကြောင်း ထိုင်းလုံခြုံရေးသတင်းရင်းမြစ်များကို ကိုးကားပြီး The Nation သတင်းက ဖော်ပြထားသည်။

အဆိုပါ နယ်စပ်ဂိတ်ရှိရာ ထိုင်း-မြန်မာ အမှတ် (၁) ချစ်ကြည်ရေးတံတားကို COVID-19 ကပ်ရောဂါ ဖြစ်ပွားလာခဲ့ပြီးနောက် ၂၀၂၀ ခုနှစ် မတ်လ (၂၃) ရက်နေ့တွင် ပိတ်လိုက်ကြောင်း သိရသည်။



ထိုင်းနှင့် မြန်မာ အာဏာပိုင်တွေက မေလ (၅) ရက်နေ့တွင် နယ်စပ်ဂိတ်များ ပြန်ဖွင့်ပြီး COVID-19 ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားသည့် မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံအတွင်းသို့ ဝင်ခွင့်ပြုသွားရန် လတ်တလော သဘောတူထားခဲ့ကြသည်ဟု ဆိုသည်။

သို့သော် နယ်စပ်ဂိတ်ပြန်ဖွင့်ပြီးနောက် စီးပွားရေးလုပ်ငန်း တိုးမြှင့်လုပ်ဆောင်ရန် စောင့်ဆိုင်းနေကြသည့် ဒေသခံအများအပြားက နယ်စပ်ဂိတ် ပိတ်ထားဆဲဖြစ်ကြောင်း သိရှိရပြီးနောက် စိတ်ပျက်နေကြသည်။



နယ်စပ်ဂိတ်ပြန်ဖွင့်ပါက ထိုင်းနိုင်ငံဘက်မှ တပိုင်တနိုင်ကုန်ပစ္စည်းများ ဝယ်ယူသူများ ပိုများလာပြီး ပြည်တွင်းစီးပွားရေး ဝင်ငွေပိုတိုးလာမည်ဖြစ်ရာ နယ်စပ်ဂိတ်ပြန်ဖွင့်ရန် စောင့်ဆိုင်းနေကြောင်း ပြည်တွင်းစီးပွားရေးလုပ်ငန်း ပိုင်ရှင်တွေက ပြောသည်။

ထိုင်း - မြန်မာ နယ်စပ်ဂိတ်ကို ပြန် မဖွင့်သေးသော်လည်း မေလ (၆) ရက်နေ့တွင် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ဂိတ်တစ်ခုနှင့် ထိုင်း-မလေးရှား နယ်စပ်ဂိတ်သုံးခုကို ပြန်ဖွင့်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း ပြည်နယ်ပေါင်း (၇၆)ခု နှင့် အထူးအုပ်ချုပ်နယ်မြေ(၁)ခုတို့အနက် မြန်မာ - ထိုင်းနယ်စပ်ဂိတ်အမှတ်(၁)တံတားများက လွဲ၍ ကျန်သည့် နယ်စပ်ဂိတ် (၁၇) ခုကို မေလ (၁) ရက်နေ့မှစပြီး ပြန်လည်ဖွင့်လှစ်ရန် သဘောတူထားကြောင်း ပြီးခဲ့သည့် သီတင်းပတ်အတွင်း COVID-19 ကပ်ရောဂါဆိုင်ရာဌာန Centre for COVID-19 Situation Administration (CCSA) မှ ပြောခွင့်ရပုဂ္ဂိုလ်က ပြောထားခဲ့သည်။

မေလ(၁)ရက်နေ့က စပြီး ယနေ့ မေလ(၇)ရက်နေ့အထိ ဖွင့်လှစ်ခွင့်ရရှိထားသည့် နယ်စပ်ပေါက်များရှိရာ ပြည်နယ်များမှာ လေ့၊  နခွန်ပထုန်၊  နောင်ခိုင်၊  မုဒဟံ၊  ဘွန်ကန်, စီစကစ်၊ စူရီ, စကဲအို၊ ကျန်ထဘူရီ၊ တခ့်၊ သရတ်, ကန်ချနဘူရီ၊ ရနောင်း၊  စုန်ခလာ၊ နရ်ထီဝတ်၊ ရလာ နှင့် နှင့် စာတွန်းတို့ ဖြစ်သည်။

မဲဆောက် နှင့် မြဝတီအကြား ချစ်ကြည်ရေးတံတား(၁)ကို မေလ(၁၅)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဟု ထိုင်းဘက်က ရာနှုန်းပြည့် မျှော်လင့်ထားကြသော်လည်း မြန်မာဘက်ကမှု ပြည်သူများကို အသိပေးကြေညာထားခြင်းမရှိပေ။



အလားတူ တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ ချစ်ကြည်ရေးတံတား(၁) ပြန်လည်ဖွင့်လှစ်ရေး ကိစ္စမှာလည်း ထိုင်းဘက်ကသာ တစ်ဖက်သတ် ၎င်းတို့ အချင်းချင်း ဆွေးနွေးမှုများရှိထားပြီး မြန်မာဘက် အာဏာပိုင်များနှင့် တရားဝင်တွေ့ဆုံဆွေးနွေးထားခြင်း မရှိသေးကြောင်း သိရသည်။



Source: The Nation, Bangkok Post, The Thaiher