Omicron ၏ နောက်ထပ် မျိုးကွဲများက ယခင်ကူးစက်မှုနှင့် ကာကွယ်ဆေးတို့မှ ပဋိပစ္စည်းတုံ့ပြန်မှုကနေ လွတ်ကင်းသည်ဟု ယူဆ 

Omicron ၏ နောက်ထပ် မျိုးကွဲများက ယခင်ကူးစက်မှုနှင့် ကာကွယ်ဆေးတို့မှ ပဋိပစ္စည်းတုံ့ပြန်မှုကနေ လွတ်ကင်းသည်ဟု ယူဆ 
By Mr John

 အိုမီခရွန်၏ နောက်ထပ် မျိုးကွဲဗိုင်းရပ်စ်များဖြစ်သော BA.4 နှင့် BA.5 တို့က ယခင် COVID-19 ကူးစက်ခံရသူများ၊ ကာကွယ်ဆေးအကြိမ်ပြည့်နှင့် အားဖြည့်ကာကွယ်ဆေး ထိုးထားပြီးသူများတွင် ပဋိပစ္စည်းတုံ့ပြန်မှုကနေ လွတ်ကင်းပုံရကြောင်း Harvard Medical School ၏ Beth Israel Deaconess Medical Centerရှိ သုတေသီများထံမှ အချက်အလက်အသစ်များအရ သိရှိရသည်။

သို့သော် COVID-19 ကာကွယ်ဆေးက ရောဂါပြင်းထန်မှုကို သိသိသာသာ ကာကွယ်ပေးနိုင်ဆဲဖြစ်ကြောင်း မျှော်လင့်ထားပြီး ကာကွယ်ဆေးထုတ်လုပ်သူတွေက မျိုးကွဲဗိုင်းရပ်စ်များကို ပိုမိုအားကောင်းသည့် ကိုယ်ခံအားတုံ့ပြန်မှုရစေနိုင်ရန် ကာကွယ်ဆေးများကို ပြင်ဆင်မွမ်းမံနေသည်ဟု ဆိုသည်။ 

ယခင် ကူးစက်ခံရမှုနှင့် ကာကွယ်ဆေးထိုးထားမှုမှ ရရှိထားသော ပဋိပစ္စည်းများက BA.4 နှင့် BA.5 အိုမီခရွန် နောက်ထပ်မျိုးကွဲဗိုင်းရပ်စ်တို့ကို တုံ့ပြန်မှုတွင် မူလ ကိုရိုနာဗိုင်းရပ်စ်ကို တုံ့ပြန်မှုထက် ပိုမိုအားလျော့နည်းကြောင်း New England Journal of Medicine ဆေးပညာဂျာနယ်တွင် ဖော်ပြထားသည့် သုတေသနအသစ်အရ သိရှိရသည်။

BA.4 နှင့် BA.5 တို့မှာ ယခုအချိန်အထိ ကူးစက်ပျံ့နှံ့မှု အမြန်ဆုံး မျိုးကွဲဗိုင်းရပ်စ်များဖြစ်ပြီး လာမည့် သီတင်းပတ်အနည်းငယ်အတွင်း အမေရိကန်၊ ဗြိတိန်နှင့် ဥရောပတွင် COVID-19 ဖြစ်ပွားမှုများမှာ ထိုမျိုးကွဲများကြောင့် အဓိက ဖြစ်လာမည်ဟု ခန့်မှန်းထားကြောင်း European Centre for Disease Prevention and Control က ဆိုသည်။ 

အမေရိကန်တွင် COVID-19 ကူးစက်မှုများ၏ ခန့်မှန်းခြေ (၃၅) ရာခိုင်နှုန်းမှာ BA.4 နှင့် BA.5 တို့ကြောင့်ဖြစ်ပြီး ယခင်တစ်ပတ်က (၂၉) ရာခိုင်နှုန်းမှ မြင့်တက်လာခဲ့ကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေးဌာန Centers for Disease Control and Prevention (CDC) ၏ ဇွန်လ (၂၁) ရက်နေ့ အချက်အလက်များတွင် ဖော်ပြထားသည်။

Source: CNN