တာချီလိတ်မြို့နယ်တွင်း ဝက်ရှားပါးလာမှုကြောင့် ထိုင်းနိုင်ငံဘက်မှ ဝက်သားများ တင်သွင်းရောင်းချနေရ

တာချီလိတ်မြို့နယ်တွင်း ဝက်ရှားပါးလာမှုကြောင့် ထိုင်းနိုင်ငံဘက်မှ ဝက်သားများ တင်သွင်းရောင်းချနေရ
ဒီဇင်ဘာ 20, 2019
By Tachileik News Agency
တာချီလိတ်မြို့နယ်တွင်း ဝက်ရှားပါးလာမှုကြောင့် ထိုင်းနိုင်ငံဘက်မှ ဝက်သားများ တင်သွင်းရောင်းချနေရ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ၂၀၁၉ ခုနှစ်အတွင်း ဝက်အားနည်းရောဂါဖြစ်ပွားခဲ့မှုကြောင့် ဝက်မွေးမြူမှု ကျဆင်းကာ ဈေးကွက်အတွင်း ဝက်ကုန်ကြမ်းရှားပါးလာသဖြင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ဘက်မှ ဝက်သားကို တင်သွင်းရောင်းချနေရကြောင်း သိရသည်။

"ဟိုဘက်ကမ်းက သယ်ပြီးတော့ ရောင်းနေရတယ်။ အကောင်လိုက်သယ်တာတော့ မဟုတ်ဘူးပေါ့။ အသားတွေ သယ်ပြီးရောင်းတာပေါ့။ ဝက်ကုန်ကြမ်းက ဈေးတက်တာလည်း မဟုတ်ဘူး။ ကုန်ကြမ်းကရှိကို မရှိတော့တာ။ ဟိုဘက်ကမ်းမှာလည်း ဝက်ကုန်ကြမ်းက ရှားလာနေပြီ။ သူတို့က လာအို၊ တရုတ်လည်းပို့တော့ ဈေးတွေတက်လာတယ်။ ကျွန်တော်တို့ အသားဝယ်တာတောင် တစ်ပတ်တစ်ခါ ဈေးတက်နေတယ်"ဟု တာချီလိတ်တွင် ဝက်သားထုတ်လုပ်ရောင်းချသူတစ်ဦးက တာချီလိတ် သတင်းအေဂျင်စီသို့   ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် ဖြစ်ပွားခဲ့သည့် ဝက်အားနည်းရောဂါများကြောင့် ကျိုင်းတုံမြို့တွင်လည်း ဝက်ရှားပါးကာ ဝက်သားဈေးအဆမတန် မြင့်တက်နေသော်လည်း တာချီလိတ်တွင် ကုန်ကြမ်းဈေးမြင့်ပေမဲ့လည်း ဝက်သားဈေးမြှင့်၍ မရဖြစ်နေကြောင်း သိရသည်။

"ကျွန်တော်တို့နဲ့ ကျိုင်းတုံက မတူဘူးဗျ။ ကျိုင်းတုံမှာက အခြားပြေးဝယ်စရာမရှိဘူး။ ဈေးဘယ်လောက်တက်တက် ဝယ်ရမှာပဲ။ တာချီလိတ်က နယ်စပ်ဆိုတော့ တံတားကူးလိုက်ရင်ရတယ်။ ဈေးအရမ်းကွာရင် ဟိုဘက်ပဲသွားဝယ်ကြမှာပေါ့။ ဟိုဘက်မှာ (၁၃၀) ရောင်းမယ်။ ကိုယ်တွေက (၁၅၀၊ ၁၆၀) ရောင်းရင် ဟိုဘက်ကမ်းပြေးဝယ်မှာပေါ့။ (၅) ကီလိုလောက်ဝယ်မယ့်သူက ဟိုဘက်သွားတော့မှာပေါ့။ ကျိုင်းတုံမှာက အထက်မြန်မာပြည်က ဝက်ကုန်ကြမ်းဝယ်မယ်။ ကုန်ကြမ်းဈေးတက်ရင် အသားဈေးတက်ရောင်းလို့ရတယ်။ တာချီလိတ်မှာက ကုန်ကြမ်းဈေးတက်လို့ အသားဈေးတက်မယ်ဆိုရင် ဟိုဘက်နဲ့ ဈေးတအားကွာရင် ကျွန်တော်တို့ဆီမဝယ်တော့ဘူးပေါ့"ဟု တာချီလိတ်တွင် ဝက်သားရောင်းချသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မွေးမြူထုတ်လုပ်ရောင်းချခွင့်ရထားသည့် ဝက်မွေးမြူရေးခြံလုပ်ငန်း (၃)ခုရှိသည့် တာချီလိတ်မြို့တွင်  ဝက်ကုန်ကြမ်းရှားပါးနေမှုကြောင့် ဝက်သားထုတ်လုပ်ရောင်းချသူများအနေဖြင့် မိုင်းတုံ၊ မိုင်းဆတ်ဒေသများရှိ ကျေးရွာများ အထိဆင်း၍ ဝက်ရှာဖွေဝယ်ယူနေရပြီး အများစုက မယ်ဆိုင်မြို့ဘက်မှ ဝက်သားများဝယ်ယူပြီး ပြန်လည်ရောင်းချနေရကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်းရှိ ဖန်မင်၊ မိုင်းကိုးနှင့် မိုင်းဖုန်းကျေးရွာများတွင် ဝက်သားထုတ်လုပ်ရောင်းချသူများမှာ မယ်ဆိုင်ဘက်မှ သယ်ယူရောင်းချရန် အဆင်မပြေသဖြင့် ကြက်သားပြောင်းလဲရောင်းချနေပြီး ကျိုင်းတုံမြို့တွင်လည်း ဝက်ကုန်ကြမ်းရှားပါးမှုကြောင့် အခြားဒေသများမှ ဝက်တင်သွင်းခြင်းကို ခွင့်ပြုပေးထားပြီဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~