တာချီလိတ်ကနေ လူ(၂၅)ဦး တင်ဆောင်သွားသည့် မိတ္ထီလာကား မိုင်းဖြတ်မြို့တွင် ချောင်းထဲထိုးကျပြီး (၃)ဦးသေဆုံးကာ (၂၂)ဦးမှာ ကျိုင်းတုံနှင့် မိုင်းဖြတ် ဆေးရုံများတွင် ဆေးကုသမှု ခံယူနေရဆဲ

Photo:  မိုင်းဖြတ်မြို့နယ်လူမှုကူညီရေးအသင်း
Photo:  မိုင်းဖြတ်မြို့နယ်လူမှုကူညီရေးအသင်း
တာချီလိတ်ကနေ လူ(၂၅)ဦး တင်ဆောင်သွားသည့် မိတ္ထီလာကား မိုင်းဖြတ်မြို့တွင် ချောင်းထဲထိုးကျပြီး (၃)ဦးသေဆုံးကာ (၂၂)ဦးမှာ ကျိုင်းတုံနှင့် မိုင်းဖြတ် ဆေးရုံများတွင် ဆေးကုသမှု ခံယူနေရဆဲ

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံ - တာချီလိတ်သွားလမ်းပေါ် မိုင်းဖြတ်မြို့နယ်အတွင်း တာကျောက်ကျေးရွာအနီးတွင် လူ(၂၅)ဦး လိုက်ပါလာသည့် ခရီးသည်တင်ကား ချောင်းထဲထိုးကျတိမ်းမှောက်ရာမှ (၃)ဦး သေဆုံးပြီး (၂၂)ဦးမှာ ဒဏ်ရာများရရှိထား၍ ဧပြီလ(၂၁)ရက်နေ့အထိ ဆေးကုသမှု ခံယူနေကြရကြောင်း မိုင်းဖြတ်မြို့နယ်လူမှုကူညီရေးအသင်းထံက သိရသည်။



ဒဏ်ရာရရှိသူ (၂၂)ဦးအနက် ယာဉ်မောင်းဖြစ်သူမှာ စိုးရိမ်ရသည့်အတွက် မိုင်းဖြတ်ဆေးရုံကနေ ကျိုင်းတုံဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။

"စာရေးကောက်ကြည့်တာ (၂၅)ဦး၊ သေဆုံးသူက (၃)ဦး၊ ကားမောင်းတဲ့သူကို စိုးရိမ်ရတဲ့ အခြေအနေမို့ ကျိုင်းတုံကို အရေးပေါ်ပို့ထားရတယ်။ အားလုံးပေါင်း (၂၅)ဦးမှာ ရင်ခွင်ပိုက် ကလေးတစ်ဦးပါတယ်။ ကျန်လူနာတွေက မိုင်းဖြတ်ဆေးရုံမှာပဲ။ လူသေအလောင်းကိုတော့ ကျွန်တော်တို့ ကားနဲ့ ပြန်သယ်လာတယ်ဗျ"ဟု ချောင်းအတွင်း သွားရောက် ကူညီကယ်ဆယ်ခဲ့ကြသည့်  မိုင်းဖြတ်မြို့နယ်လူမူ့ကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက Tachileik News Agency ကို ဧပြီလ(၂၁)ရက်နေ့တွင် ပြောပြသည်။

သေဆုံးသူများမှာ ရမည်းသင်းမြို့နေ အသက်(၂၃)နှစ်ရှိ မနွယ်မိုး၊ ကျောက်ပန်းတောင်းမြို့နေ အသက်(၃၁)နှစ်ရှိ ကိုအောင်ကိုလတ် နှင့် မိတ္ထီလာမြို့နေသူ အသက်(၂၉)နှစ်ရှိ ကိုအောင်ရဲလင်းတို့ ဖြစ်ကြောင်းသိရသည်။

ဒဏ်ရာရရှိသူများမှာ အသက်(၃၁)နှစ်ရှိ ဇင်ကိုမြင့်၊ အသက်(၆၄)နှစ်ရှိ ဒေါ်ညိုကြည်၊ အသက်(၁၁)နှစ်ရှိ မောင်မျိုးချစ်၊ အသက်(၁၆)နှစ်ရှိ မအိမွန်ဇော်၊ အသက်(၄၄)နှစ်ရှိ ဒေါ်ခင်သောင်း၊ အသက်(၂၉)နှစ်ရှိ မလွမ်းအိစိုး၊ အသက်(၆)နှစ်အရွယ် မောင်ကောင်းခန့်စိုး၊ အသက်(၂၁)နှစ်ရှိ မချိုပြုံး၊ အသက်(၂၃)နှစ်ရှိ မညိမ်းစုလှိုင်၊ အသက်(၃၀)နှစ်ရှိ ကိုနိုင်ဝင်း၊ အသက်(၃၈)နှစ်ရှိ ဦးကျော်စိုးဝင်း၊ အသက်(၁၁)နှစ်ရှိ မောင်ထက်မြတ်သော်၊ အသက်(၁၃)နှစ်ရှိ မောင်ဟိန်းလင်းထက်၊ အသက်(၂၂)နှစ်ရှိ မစိုးစန္ဒာလင်း၊ အသက်(၃၇)နှစ်ရှိ ကိုမောင်ထွန်းဦး၊ အသက်(၂၃)နှစ်အရွယ် မနွယ်မိုး၊ အသက်(၅၁)နှစ်ရှိ ဦးသန်းငွေ၊ အသက်(၂၆)နှစ်ရှိ ကိုမင်းလွင်ဦး၊ အသက်(၂၇)ရှိ ကိုရဲမင်းနိုင်၊ အသက်(၂၁)နှစ်ရှိ ပန်းအိစိုး၊ အသက်(၄၀)အရွယ် ဦးကျော်လင်းသူ နှင့် အသက်(၃၉)နှစ်အရွယ် ဒေါ်စန်းဌေး တို့ဖြစ် ကြောင်း သိရသည်။

 

မိုင်းဖြတ်မြို့နယ်အတွင်း တာကျောက်ကျေးရွာအနီး မိုင်တိုင် အမှတ်(၆၈၈)နှင့် (၆၈၉)အကြားတွင် တာချီလိတ်မှ မောင်းလာပြီး  လူ(၂၅)ဦး တင်ဆောင်ထားသည့် Toyota Hiace အမျိုးအစား ခဲရောင် ကား(၁)စီးသည် ၂၀၂၃ခုနှစ် ဧပြီလ(၂၀)ရက်နေ့ ညနေ (၄)နာရီဝန်းကျင်အချိန်က လမ်း၏ ဘယ်ဖက်ခြမ်းသို့ အရှိန်မထိန်းနိုင်ဘဲ နမ့်လုံချောင်းထဲသို့ ထိုးကျသွားခြင်းဖြစ်သည်။

ယခုလို ဖြစ်ပွားခဲ့ရသည့် ယာဉ်မှာ ယာဉ်လိုင်းက မဟုတ်ဘဲ မိတ္ထီလာသီးသန့်ကားဖြစ်သည်ဟုလည်း သိရသည်။



ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာနေရာသို့  မိုင်းဖြတ်မြို့နယ်လူမှုကူညီရေးအသင်းက ဦးစွာရောက်ရှိသွားပြီးနောက် ဆက်လက်၍  မိုင်းဖြတ်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ အပါအဝင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလည်း ရောက်ရှိလာရာ ရှာဖွေကယ်ဆယ်ရေးများကို စုပေါင်းလုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။