တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီးနောက် ရောဂါအခံကြောင့် (၁၅)ဦးမြောက် သေဆုံးသူအဖြစ် အမျိုးသားတစ်ဦး ထပ်မံ သေဆုံး

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီးနောက် ရောဂါအခံကြောင့် (၁၅)ဦးမြောက် သေဆုံးသူအဖြစ် အမျိုးသားတစ်ဦး ထပ်မံ သေဆုံး
သြဂုတ် 4, 2021 | Covid-19| ရှမ်းရှေ့

 တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီးနောက် ရောဂါအခံကြောင့် (၁၅)ဦးမြောက် သေဆုံးသူအဖြစ် အမျိုးသားတစ်ဦး ထပ်မံသေဆုံးကြောင်း သိရသည်။

ယနေ့ ဩဂုတ်လ(၄)ရက်နေ့တွင် သေဆုံးသူမှာ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်အတွင်း ဘုရင့်နောင်ပုဂ္ဂလိကဈေးတွင် နေထိုင်သူ အသက်(၆၅)နှစ်အရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး ၎င်းတွင် Covid-19 ပိုးတွေ့ရှိရကြောင်း ၂၀၂၁ခုနှစ် ဩဂုတ်လ(၁)ရက်နေ့က စစ်ဆေးတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားသည့်အတွက် ရုပ်အလောင်းအား တာချီလိတ်မြို့ရှိ မေတ္တာရှင် သာရေး နာရေးကူညီမှုအသင်းက ပုံလို့သုဿန်တို့ သယ်ဆောင်ကာ ချက်ချင်း မီးသင်္ဂြိုလ်ရန်အတွက် ဆောင်ရွက်နေကြောင်း သိရသည်။

ဈေးအတွင်းနေထိုင်သူထံသူ ပိုးတွေ့ရခြင်းနှင့် ပတ်သက်၍ ဘုရင့်နောင်ပုဂ္ဂလိကဈေးတစ်ခုလုံးကိုလည်း ပိုးသတ်ဆေးဖျန်းရန်အတွက် လုပ်ဆောင်နေကြောင်းလည်း သိရသည်။



ဩဂုတ်လ(၂)ရက်နေ့ ညပိုင်းက တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ ယာမြေကုန်းမှ သေဆုံးသွားသည့် အသက်(၆၃)နှစ်အရွယ် အမျိုးသမီးတစ်ဦးတွင် Covid-19 ပိုးမရှိကြောင်း ဆေးရုံ၏ Covid-19 စစ်ဆေးချက်အရ သိရသည့်အတွက် တာချီလိတ်မြို့တွင် ယနေ့အထိ သေဆုံးသူ (၁၅)ဦးဖြစ်သည်။

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံရှိ၍ သေဆုံးသူများအဖြစ် ၂၀၂၁ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့က စတင်ကာ ဩဂုတ်လ(၄)ရက်နေ့အထိ အမျိုးသား(၉)ဦး နှင့် အမျိုးသမီး(၆)ဦး စုစုပေါင်း (၁၅)ဦးအထိ ရှိလာရာတွင် ဘုန်းကြီးတစ်ပါး ပါဝင်သည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းကာလ၏ (၃၇)ရက်အတွင်း ဩဂုတ်လ(၃)ရက်နေ့ ညနေပိုင်း အချိန်အထိ Covid-19 ကူးစက်ခံထားရသူများတွင် မိမိအစီစဉ်ဖြင့် လုပ်ငန်းခွင် နှင့် နေအိမ်များတွင် စစ်ဆေး ပိုးတွေ့ စာရင်းများ မပါဝင်ဘဲ ဌာနဆိုင်ရာများ၏ တရားဝင်စာရင်းအရ (၁,၅၀၀)ကျော်အထိရှိနေပြီး သေဆုံးသူမှာ ယနေ့ ဩဂုတ်လ(၄)ရက်နေ့အထိ (၁၅)ဦးအထိရှိနေကာ ဆေးရုံမှ ဆင်းခွင့်ရရှိသွားသူမှာ (၇၀၀)အထက် ရှိနေကြောင်း သိရသည်။

#TachileikNewsAgency