တာချီလိတ်မှ ကျိုင်းတုံသို့ သွားသည့် ကားတစ်စီး မိုင်းဖြတ်မြို့တွင် အရှိန်လွန်ကာ ချောင်းထဲကျ၍ လူ(၃)ဦးသေဆုံးကာ (၂၁)ဦး ဒဏ်ရာရ

တာချီလိတ်မှ ကျိုင်းတုံသို့ သွားသည့် ကားတစ်စီး မိုင်းဖြတ်မြို့တွင် အရှိန်လွန်ကာ ချောင်းထဲကျ၍ လူ(၃)ဦးသေဆုံးကာ (၂၁)ဦး ဒဏ်ရာရ

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံ - တာချီလိတ်သွားလမ်းပေါ် မိုင်းဖြတ်မြို့နယ်အတွင်း တာကျောက်ကျေးရွာအနီးတွင် ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ နမ့်လုံချောင်းအတွင်း ထိုးကျသွားရာမှ (၃)ဦး သေဆုံးပြီး (၂၁)ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်အတွင်း တာကျောက်ကျေးရွာအနီး မိုင်တိုင် အမှတ်(၆၈၈)နှင့် (၆၈၉)အကြားတွင် တာချီလိတ်မှ မောင်းလာပြီး ကျိုင်းတုံသို့ ဦးတည်မောင်းနေကာ လူ(၂၄)ဦး တင်ဆောင်ထားသည့် Toyota Hiace အမျိုးအစားအဖြူရောင် ကား(၁)စီးသည် ယနေ့ ၂၀၂၃ခုနှစ် ဧပြီလ(၂၀)ရက်နေ့ ညနေ (၄)နာရီဝန်းကျင်အချိန်က လမ်း၏ ဘယ်ဖက်ခြမ်းသို့ အရှိန်မထိန်းနိုင်ဘဲ နမ့်လုံချောင်းထဲသို့ ထိုးကျသွားခြင်းဖြစ်ကြောင်း သိရသည်။

ယခုလိုဖြစ်စဉ်ကြောင့် ယာဉ်ပေါ်သူများအနက် အမျိုးသား(၂)ဦး နှင့် အမျိုးသမီး(၁)ဦးမှာ သေဆုံးသွားပြီး အမျိုးသား(၁၂)ဦး နှင့် အမျိုးသမီး(၉)ဦး စုစုပေါင်း (၂၁)ဦးတို့မှာ  ဒဏ်ရာများရရှိသွား၍ လူမှုကူညီရေးအသင်းများက မိုင်းဖြတ်ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားရှိသည်။ 



ယာဉ်ထိုးကျမှုဖြစ်ပွားရာသို့ မိုင်းဖြတ်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ အပါအဝင် အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။