တာချီလိတ်မြို့နယ် ကော်မယ်လိတ်တွင် ၄၅ ကြိမ်မြောက် အာခါတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော်အကြို စတင်ကျင်းပနေ

တာချီလိတ်မြို့နယ် ကော်မယ်လိတ်တွင် ၄၅ ကြိမ်မြောက် အာခါတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော်အကြို စတင်ကျင်းပနေ
ဒီဇင်ဘာ 27, 2019
By 🌸

တာချီလိတ်မြို့နယ် ကော်မယ်လိတ်တွင် ၄၅ ကြိမ်မြောက် အာခါတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော်အကြို စတင်ကျင်းပနေ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ မိုင်းကိုးကျေးရွာအုပ်စု၊ ကော်မယ်လိတ်ကျေးရွာတွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့၌ ကျင်းပမည့် (၄၅) ကြိမ်မြောက် အာခါတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော် အကြိုအဖြစ် ဒီဇင်ဘာလ (၂၇)ရက်နေ့တွင် အာခါတိုင်းရင်းသားအဆိုတော်များ၏ ဖျော်ဖြေရေးများ စတင်နေပြီဖြစ်သည်။

နှစ်သစ်ကူးပွဲတော်အကြိုနေ့တွင် ပွဲတော်ဖြစ်မြောက်ရေးကော်မတီက ပွဲကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး MISS PLANET INTERNATIONAL MYANMAR 2020 အတွက် ပြင်ဆင်နေသည့် အာခါတိုင်းရင်းသူ Miss မောင် က လူငယ်များကို အားပေးစကားပြောကြားသည်။

အာခါနှစ်သစ်ကူးပွဲတော်များတွင် အာခါတိုင်းရင်းသားများအားလုံး ပါဝင်နိုင်ရေးအတွက် ၂၀၁၉ ခုနှစ်မှစပြီး မြို့နယ်တိုင်းတွင် ကျင်းပသွားရန် ရည်ရွယ်ချက်ဖြင့် အာခါယဉ်ကျေးမှု ဗဟိုကော်မတီက ကော်မယ်လိတ်ကျေးရွာတွင် စတင်ကျင်းပလာခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါနှစ်သစ်ကူးပွဲတော်ကို အာခါစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ၏ လမ်းညွှန်မှုဖြင့် ပွဲဖြစ်မြောက်ရေး ကော်မတီတစ်ရပ်ဖွဲ့စည်းကာ စီစဉ်ကျင်းပခြင်းဖြစ်ပြီး ဒီဇင်ဘာလ (၂၈)ရက်နေ့ နံနက် (၁၀) နာရီမှ စတင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အာခါနှစ်သစ်ကူးပွဲတော်ကို ၁၉၇၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျိုင်းတုံမြို့ရှိ စွမ်စပ်ကုန်းတွင်  ကတ်သလစ်လူငယ်များမှ စတင်ကျင်းပပြီးနောက် ဒီဇင်ဘာလ(၂၈)ရက်နေ့ကို အာခါနှစ်သစ်ကူးနေ့အဖြစ် စတင်သတ်မှတ်၍ ကျင်းပလာခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများ၌ အများဆုံးနေထိုင်ကြသည့် အာခါတိုင်းရင်းသားများ၏ နှစ်သစ်ကူးပွဲတော်များကို ဒေသအလိုက် ကျင်းပနေကြခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဇွဲမြတ်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~