ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့တွင် ပြည်နယ်အစိုးရဘတ်ဂျက်ဖြင့် ဝန်ထမ်းအိမ်ယာ တည်ဆောက်ရန် စတင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့တွင် ပြည်နယ်အစိုးရဘတ်ဂျက်ဖြင့် ဝန်ထမ်းအိမ်ယာ တည်ဆောက်ရန် စတင်
ဇန်နဝါရီ 4, 2020
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့တွင် ပြည်နယ်အစိုးရဘတ်ဂျက်ဖြင့် ဝန်ထမ်းအိမ်ယာ တည်ဆောက်ရန် စတင် 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်မည့် ဝန်ထမ်းအိမ်ယာ(၁၆)ခန်း အဆောက်အဦအတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားကို (72)နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်သည့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့ နံနက် (၇) နာရီက ပြုလုပ်သည်။

"မိုင်းဆတ်မြို့က နယ်စပ်ဒေသမြို့ဖြစ်တဲ့အပြင် လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့အတွက် အစစအရာရာ ဈေးနှုန်းတွေ ကြီးမြင့်တယ်။ အိမ်ခန်းငှားခဆိုရင် အနည်းဆုံး ကျပ်ငါးသောင်းကနေ သိန်းဂဏန်းအထိရှိတဲ့အတွက် အခြားဒေသက လာရောက်တာဝန်ထမ်းဆောင်တဲ့ ဝန်ထမ်းတွေမှာ အခက်အခဲကြုံရပါတယ်။ ဒါကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ရှမ်းပြည်နယ်အစိုးရ ရန်ပုံငွေနဲ့ (၄)ခန်းတွဲ၊ (၄)ထပ် ဝန်ထမ်းအိမ်ယာ(၁)လုံး အခန်းပေါင်း (၁၆)ခန်း ဆောက်လုပ်ပေးသွားမှာဖြစ်ပါတယ်"ဟု မိုင်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ဝန်ထမ်းအိမ်ယာသစ်ကို ပြည်နယ်အစိုးရ၏ ဘတ်ဂျက် ကျပ် (၃၁၇)သန်းဖြင့် မြို့ပြနှင့်အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် သုံးယိမ်းဟွား ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်မ ဒီမြို့မှာတာဝန်ကျတာ သုံးနှစ်ကျော်ရှိပါပြီ။ ဌာနက ဝန်ထမ်းအိမ်ယာမရှိတော့ အပြင်မှာ တစ်လကို ကျပ်ခြောက်သောင်းပေးပြီး ငှားနေရတယ်။ အရပ်ထဲမှာ ငှားနေရတာဆိုတော့ အဆင်မပြေတာတွေလည်း ရှိတာပေါ့၊ အခုလို ဝန်ထမ်းတွေအတွက် အိမ်ယာတွေဆောက်ပေးမယ်ဆိုတော့ ဝမ်းသာတာပေါ့" ဟု ပညာရေးဌာနမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခတ္တိယ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်နှင့် တာဝန်ရှိသူတို့ တက်ရောက်ကြသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - သန်းဇော်(မိုင်းဆတ်)

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~