ရည်းစားဟောင်း တရုတ်သူဌေးကို ပြန်ပေးဆွဲပြီး ငွေတောင်းမှုဖြင့် ထိုင်းအလှမယ်ဟောင်း နှင့် လက်ရှိရည်းစားတို့ ဖမ်းဆီးခံရ

ရည်းစားဟောင်း တရုတ်သူဌေးကို ပြန်ပေးဆွဲပြီး ငွေတောင်းမှုဖြင့် ထိုင်းအလှမယ်ဟောင်း နှင့် လက်ရှိရည်းစားတို့ ဖမ်းဆီးခံရ
By Mr John

 ထိုင်းနိုင်ငံတွင် ချမ်းသာကြွယ်ဝသည့် တရုတ်လူမျိုး ရည်းစားဟောင်းကို ပြန်ပေးဆွဲပြီး ဘတ် (၃.၉၃)သန်း ပြန်ပေးရွေးငွေတောင်းမှုနှင့် ဆက်စပ်၍ ထိုင်းအလှမယ်ဟောင်း အပါအဝင် သံသယရှိသူ (၆) ဦးကို ဖမ်းဆီးစွဲချက်တင်ထားကြောင်း သိရသည်။ ၎င်းတို့ကို လုယက်မှုနှင့် ကွန်ပျူတာရာဇဝတ်ပြစ်မှုတို့ဖြင့်လည်း စွဲချက်တင်မည်ဟု ရဲတပ်ဖွဲ့က ပြောသည်။



ပြန်ပေးဆွဲမှုကို တရုတ်သူဌေး၏ ရည်းစားဟောင်းဖြစ်သူ ထိုင်းအလှမယ်ဟောင်းနှင့် သူမ၏ လက်ရှိရည်းစား ထိုင်းအမျိုးသားတို့က ပူးပေါင်းကြံစည်ခဲ့ကြခြင်း ဖြစ်သည်။ 

ရဲတပ်ဖွဲ့က ယခု ပြန်ပေးဆွဲမှုနှင့် ဆက်စပ်၍ အမျိုးသား (၄) ဦးနှင့် အမျိုးသမီး (၂) ဦးကို ဘန်ကောက်၊ Prachuap Khiri Khan နှင့် Pathum Thani ပြည်နယ်တို့တွင် ၂၀၂၃ခုနှစ် ဧပြီလ (၁၇) ရက်နေ့က ဖမ်းဆီးခဲ့‌ကြောင်း သိရသည်။ 

ဘန်ကောက်မြို့ Pathumwan ခရိုင် Lumpini ဧရိယာရှိ ကွန်ဒိုတိုက်ခန်းတွင် နေထိုင်သူ ၎င်း၏ သူငယ်ချင်း အသက် (၃၃) နှစ်အရွယ် Wang Nanfeng ပြန်ပေးဆွဲခံထားရကြောင်း အသက် (၃၀) နှစ်အရွယ် Yu Jie အမည်ရှိ တရုတ်အမျိုးသားက ဧပြီလ (၁၅) ရက်နေ့တွင် အမှုဖွင့်တိုင်ကြားခဲ့ပြီးနောက် သံသယရှိသူများကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သူများအနက် Nampech ဟု လူသိများသော အသက် (၂၄) နှစ်အရွယ် Petchlada Sangsakun နှင့် သူမ၏ လက်ရှိရည်းစားဖြစ်သူ ထိုင်းအမျိုးသား Natthaphat အပါအဝင် အခြား (၄) ဦးတို့ ပါဝင်သည်။ 

Nampech မှာ ၂၀၂၀ ခုနှစ် Miss Grand Suphan Buri အလှမယ်ပြိုင်ပွဲဝင် အလှမယ်ဟောင်းဖြစ်ပြီး ထိုပြိုင်ပွဲတွင် နံပါတ် (၅) နေရာချိတ်ခဲ့သူလည်း ဖြစ်သည်။

အလှမယ်ဟောင်း Nampech နှင့် အဖွဲ့က Wang ကို ပြန်ပးဆွဲ ချုပ်နှောင်ထားပြီး သူငယ်ချင်းဖြစ်သူ You Jie ထံ ဗီဒီယိုကောလ်ခေါ်ဆို၍ ငွေလွှဲပေးပါက ပြန်လွှတ်ပေးမည်ဟု ပြောခဲ့သည်။ 

Wang ၏ မျက်နှာတွင် ဒဏ်ရာများရှိနေသည်ကို Yu Jie က သတိပြုမိရာမှ သတ်ပစ်မည်ကို စိုးရိမ်သွားပြီး ရဲစခန်းတွင် အမှုဖွင့်ခဲ့ကြောင်း သိရသည်။

Wang ကို ပြန်လွှတ်ပေးရန်အတွက် ပြန်ပေးရွေးငွေ ဘတ် (၃.၉၃) သန်းကို အလှမယ်ဟောင်း  Nampech ၏ ဘဏ်အကောင့်နှင့် ကြံရာပါ အမျိုးသမီးတစ်ဦး၏ ဘဏ်အကောင့်သို့ လွှဲခိုင်းခဲ့သည်။ 

ငွေများလွှဲပေးပြီးနောက် ပြန်ပေးဆွဲသည့်အဖွဲ့က Wang ကို Prachuap Khiri Khan ပြည်နယ် Hua Hin ခရိုင်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

အလှမယ်ဟောင်း Nampech နှင့် တရုတ်သူဌေး Wang တို့မှာ တစ်နှစ်ကျော်ကြာ တွဲခဲ့ကြပြီး လွန်ခဲ့သည့် (၃) လက အချစ်‌ဇာတ်လမ်း အဆုံးသတ်ခဲ့သည်ဟု ဆိုသည်။ 

Wang မှာ ချမ်းသာကြွယ်ဝသူဖြစ်ပြီး တရားမဝင် စီးပွားရေးလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်နေကြောင် Nampech က သိရှိထားခဲ့သည်။ 

Wang ကို တရုတ်နိုင်ငံတွင် ဖမ်းဝရမ်းထုတ်ထားရာ ၎င်းအား ပြန်ပေးဆွဲ ငွေတောင်းပါက ရဲတပ်ဖွဲ့ထံ တိုင်ကြားရဲမည်မဟုတ်ဟုလည်း Nampech က ယူဆထားခဲ့ပုံရသည်။

ထိုယူဆချက်အရ Nampech က Wang ကို ပြန်ပေးဆွဲပြီး ငွေတောင်းရန် သူမ၏ လက်ရှိရည်းစားနှင့် ပူးပေါင်းကြံစည်ခဲ့ခြင်းဖြစ်နိုင်ကြောင်း သိရသည်။ 

သူမ၏ ရည်စားဖြစ်သူမှာ အလုပ်အကိုင် အတည်တကျမရှိဘဲ လောင်းကစားဝါသနာပါသူဖြစ်‌ကြောင်း နှင့် Wang က သူမကို လစဉ် ဘတ် (၁၀၀,၀၀၀) ပေးခဲ့ကြောင်း Nampech က ရဲတပ်ဖွဲ့ စစ်ဆေးမေးမြန်းမှုအတွင်း ထွက်ဆိုခဲ့သည်။

 Wang ကို ပြန်ပေးဆွဲ၍ ရရှိခဲ့သည့် ပြန်ပေးရွေးငွေများအနက်မှာ ဘတ် (၁.၆) သန်းကို ၎င်းတို့ (၂) ဦး၏ ဝေစုအဖြစ် ရယူခဲ့ကြကြောင်း အလှမယ်ဟောင်းက ပြောခဲ့သော်လည်း ပြန်ပေးဆွဲရာတွင် ပါဝင်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုနေဆဲဖြစ်သည်။ 

သို့သော်  သူမ ပါဝင်ပတ်သက်ကြောင်း သက်‌‌သေအထောက်အထား ရရှိထားသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

Nampech ၏ လက်ရှိရည်းစား Natthaphat က စွဲချက်များကို ဧပြီလ (၁၈) ရက်နေ့တွင် ဝန်ခံခဲ့ပြီး ၎င်းတို့ပြန်ပေးဆွဲခဲ့သည့် Wang မှာ တရုတ်နိုင်ငံတွင် အလိုရှိနေသည့် ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်ကြောင်း သိရှိထားသည်ဟု ပြောခဲ့သည်။ 

၎င်းက နိုင်ငံကို ကူညီလို၍သာဖြစ်ကြောင်း Natthaphat က ပြောဆိုခဲ့သော်လည်း မည်သူက ယခုပြန်ပေးဆွဲမှုကို စေခိုင်းခဲ့ကြောင်း ထုတ်မပြောခဲ့ဟုဆိုသည်။

၎င်း၏ရည်းစား အလှမယ်ဟောင်း Nampech မှာ ယခုအမှုတွင် ပါဝင်ပတ်သက်ခြင်း မရှိကြောင်းနှင့် ရဲတပ်ဖွဲ့အနေဖြင့် တရုတ်သူဌေး Wang ၏ ငွေအလွှဲအပြောင်းမှတ်တမ်းများကို စစ်ဆေးသင့်‌ကြောင်းလည်း Natthaphat က တောင်းဆိုခဲ့သည်။ 

ယခုအမှုကို ဆက်လက် စုံစမ်းစစ်ဆေးနေစဥ်အတွင်း နောက်ထပ် အသေးစိတ်ကို ထုတ်ဖော်မပြောသေးဟု Lumpini ရဲတပ်ဖွဲ့ အကြီးအကဲ ရဲဗိုလ်မှူးကြီး Nimit Nuphothong က ဧပြီလ (၁၈) ရက်နေ့တွင် ပြောခဲ့သည်။

Source: Bangkok Post