အာဏာလွန်ဆွဲ တိုက်ပွဲဖြစ်ပွားနေသည့် ဆူဒန်နိုင်ငံတွင် အာဏာသိမ်းစစ်တပ်က စစ်တပ်၏ အရန်တပ်ဖွဲ့ကို သူပုန်အဖွဲ့အဖြစ် ကြေညာ

အာဏာလွန်ဆွဲ တိုက်ပွဲဖြစ်ပွားနေသည့် ဆူဒန်နိုင်ငံတွင် အာဏာသိမ်းစစ်တပ်က စစ်တပ်၏ အရန်တပ်ဖွဲ့ကို သူပုန်အဖွဲ့အဖြစ် ကြေညာ
By Mr John

စစ်တပ်က အာဏာသိမ်းထားသည့် ဆူဒန်နိုင်ငံတွင်  ပြည်သူ့စစ်များဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံ၏ အဓိကအရန်တပ်ဖွဲ့နှင့် စစ်တပ်တို့ အာဏာလွန်ဆွဲမှုအဖြစ် တိုက်ပွဲပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်က စစ်တပ်၏ အရန်တပ်ဖွဲ့ကို သူပုန်အဖွဲ့အဖြစ် သတ်မှတ်ကြေညာလိုက်သည့်အပြင် ဖျက်သိမ်းပစ်ရန် အမိန့်ထုတ်လိုက်ကြောင်း သိရသည်။

စစ်တပ်နှင့် အရန်တပ်ဖွဲ့ Rapid Support Forces (RSF) တို့အကြား ၂၀၂၃ခုနှစ် ဧပြီလ (၁၅) ရက်နေ့ကစပြီး တိုက်ပွဲများဖြစ်ပွားနေမှု (၃) ရက်မြောက်နေ့ဖြစ်သည့် ဧပြီလ (၁၇) ရက်နေ့တွင် နှစ်ဘက်လုံးက ၎င်းတို့ အသာစီးရခဲ့ကြောင်း ပြောဆိုခဲ့ကြသည်။ 

နှစ်ဖက်တိုက်ပွဲများကြောင့်    ကုလသမဂ္ဂဝန်ထမ်းများ အပါအဝင် အနည်းဆုံးအရပ်သား (၉၇) ဦးနှင့် စစ်သား (၄၅) ဦး သေဆုံးပြီး ဒဏ်ရာရသူ စုစုပေါင်း (၉၄၂) ဦးရှိခဲ့ကြောင်း ဆူဒန်တက်ကြွလှုပ်ရှားသူများအုပ်စု Central Committee of Sudanese Doctors ၏ အချက်အလက်များအရ သိရသည်။

အာဏာသိမ်းထားသည့် စစ်အစိုးရကမူ သေဆုံးဒဏ်ရာစာရင်း ထုတ်ပြန်ခြင်းမရှိဟု ဆိုသည်။ 

စစ်တပ်က အရန်တပ်ဖွဲ့၏ အခြေစိုက်စခန်းများကို လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများမှာ ယနေ့ ဧပြီလ(၁၈)ရက်နေ့အထိ ဆက်လက်ဖြစ်ပွားနေသည်။ 

ဆူဒန်နိုင်ငံကို လူပုဂ္ဂိုလ်တစ်ဦးတည်းက ကာလရှည်ကြာ အုပ်ချုပ်သည့်စနစ်ဖြင့် အာဏာချုပ်ကိုင် အုပ်ချုပ်နေခဲ့သူ အိုမားအယ်လ်ဘားရှီကို လက်ရှိ တိုက်ခိုက်နေကြသည့် အရန်တပ်ဖွဲ့နှင့် စစ်တပ်တို့သည်  ၂၀၁၉ခုနှစ်က ဖြုတ်ချခဲ့စဥ် အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြသော်လည်း ယခုအခါမှာ အာဏာလွန်ဆွဲ တိုက်ပွဲများ ဖြစ်ပေါ်လာနေသည့်အတွက်  အရပ်သားအုပ်ချုပ်ရေးသို့ အကူးအပြောင်းကို ပိုမိုနှောင့်နှေးသွားစေခဲ့သည်။

လက်ရှိတိုက်ပွဲများကြောင့် ယခင်ကတည်းက စီးပွားရေးပျက်ပြားနေပြီး လူမျိုးစုအကြမ်းဖက်မှုများ မြင့်တက်ဖြစ်ပွားနေသည့် ဆူဒန်နိုင်ငံတဝန်း လုံခြုံရေးအခြေအနေကို သိသာစွာ ပိုမိုဆိုးရွားလာစေနိုင်ကြောင်း သိရသည်။

Source: Reuters

Photo: REUTERS/Stringer, AFP,