တာချီလိတ်မြို့တွင် လောင်းကစားဂိမ်းခုံလုပ်ငန်း လုပ်ကိုင်နေသည့် နေအိမ်၌ လူတစ်ဦးကို သေလုမျောပါး ရိုက်နှက်ပြီးနောက် လမ်းဘေးတွင် စွန့်ပစ်ထားရာမှ သေဆုံးမှုဖြစ်ပွား 

တာချီလိတ်မြို့တွင် လောင်းကစားဂိမ်းခုံလုပ်ငန်း လုပ်ကိုင်နေသည့် နေအိမ်၌ လူတစ်ဦးကို သေလုမျောပါး ရိုက်နှက်ပြီးနောက် လမ်းဘေးတွင် စွန့်ပစ်ထားရာမှ သေဆုံးမှုဖြစ်ပွား 

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ပေါ် မယ်ခေါင်ရပ်ကွက်အတွင်း လောင်းကစားဂိမ်းခုံတွင် အမျိုးသားတစ်ဦးကို သေလုမျောပါး ရိုက်နှက်ပြီး လမ်းဘေးတွင် စွန့်ပစ်ခဲ့ပြီးနောက် လူသေဆုံးမှုအထိ ဖြစ်ပွား၍ တာချီလိတ်ရဲစခန်းတွင် လူသတ်မှုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ 

ဖြစ်စဉ်မှာ အသက်(၅၀)နှစ်ရှိ ကိုနောင်ဟု လူသိများသည့် ဦးနန္ဒာစိုးသည် ၎င်း၏ ဆိုင်ကယ်အား လူတစ်ဦးမှ ငှားရမ်းသွားပြီး အလွဲသုံးစားလုပ်ကာ မယ်ခေါင်ရပ်ကွက်အတွင်းရှိ လောင်းကစားဂိမ်းခုံတွင် ပေါင်နှံထားကြောင်း သတင်းရ၍ သွားရောက်ရှာဖွေရန် ဧပြီလ(၁၄)ရက်နေ့ ညပိုင်းက လိုက်လံစုံစမ်းရာမှ မယ်ခေါင်ရပ်ကွက် (၉)လမ်းရှိ ဂိမ်းခုံတွင်းသို့ ရောက်ရှိသွားကြောင်းသိရသည်။

ဂိမ်းခုံအတွင်းသို့ ရောက်ရှိသွားပြီး အချိန် အနည်းငယ်အကြာ၌ မည်သည့် အကြောင်းကြောင့် မသိရသော်လည်း ဦးနန္ဒာစိုးမှာ ဂိမ်းခုံအတွင်းရှိ လူတစ်စု၏ ရိုက်နှက်ညှင်းပန်းမှုများကို ခံရပြီးနောက် ယင်းနေ့၏ ည(၁၁)နာရီ မိနစ်(၅၀)ဝန်းကျင် အချိန်တွင် ဦးနန္ဒာစိုးမှာ ရရှိထားသည့် ဒဏ်ရာများဖြင့် လမ်းမလျှောက်နိုင်တော့သလို ခပ်မျော့မျော့ဖြစ်နေချိန်တွင် လောင်းကစားဂိမ်းလုပ်ငန်းနေအိမ် အပေါက်ဝရှိ လူ(၇)ဦးအနက် (၅)ဦးက ဦးနန္ဒာစိုး၏ ခန္ဓာကိုယ်အား သယ်ဆောင်ကာ လမ်းဘေးသို့ သွားရောက်စွန့်ပစ်လိုက်ကြခြင်း ဖြစ်ကြောင်း သိရသည်။

"လမ်းကြားကနေ ဖြတ်သွားတုန်း တွေ့လိုက်ရတယ်။ လူတစ်ယောက်ကို လူ(၅)ယောက်က ခြေလက် တစ်ဖက်စီ တွဲလောင်းနဲ့ သယ်သွားတာ။ အပေါက်ဝမှာတော့ လူ(၂)ဦး ကျန်ခဲ့တာကို တွေ့ရတယ်။ ဘာဖြစ်မှန်းတော့သေချာမသိဘူး။"ဟု အနီးဝန်းကျင်မှ ဖြတ်သန်းသွားလာသူ တစ်ဦးက ပြောသည်။

ဆက်လက်ပြီး စွန့်ပစ်ခံထားရသည့် နေရာတွင် ဦးနန္ဒာစိုး၏ အော်သံများကို ဘေးပတ်ဝန်းကျင် အချို့က ကြားမိသော်လည်း၊ အရက်မူး၍ အော်သည်ဟုသာ ထင်ခဲ့ကြောင်းနှင့် တရားခံများကို အရေးယူနိုင်ရန်အတွက် အနီးဝန်းကျင်ရှိ CCTV များကို ကြည့်၍ရနိုင်ကြောင်း ဆိုသည်။

"ဒီလမ်းမှာက ဆေးသမားတချို့နဲ့ စိတ်မနှံ့သူ တစ်ယောက် တခါတလေ သွားလာပြီး အော်တတ်တာမျိုးရှိတယ်။ အော်သံကြားတာ အဲ့လိုလူတွေရဲ့ အသံလို့ပဲ ထင်လို့ ထမကြည့်ဖြစ်ဘူး။  မနက် (၃)နာရီကျော်မှာ အသံထပ်ကြားလို့ ထကြည့်မှ  လဲနေတဲ့လူကို အချက်ပေါင်းများစွာ ကန်နေတာ တွေ့ရတယ်။ ကျွန်မလည်း ကြောက်တာနဲ့ လှမ်းမအော်ရဲဘူး။ ဘေးဝန်းကျင်အိမ်တွေမှာ CCTV တွေရှိတယ်။ အဲ့ဒီမှာ အကူအညီတောင်းပြီး ကြည့်လို့ရနိုင်တယ်"ဟု ဦးနန္ဒာစိုးကို လူငယ်တစ်ဦးမှ အချက်များစွာ ကန်နေသည်ကို တွေ့ရသည့် အနီးဝန်းကျင်ရှိ အမျိုးသမီးတစ်ဦးက  Tachileik News Agency သို့ ၂၀၂၃ခုနှစ် ဧပြီလ(၁၇)ရက်နေ့တွင် ပြောပြသည်။

မယ်ခေါင်ရပ်ကွက်၏ အနေအထားအရ လောင်းကစားဂိမ်းခုံလုပ်ငန်းလုပ်ကိုင်နေသည့် နေအိမ် ပတ်ချာလည်နေရာများတွင် CCTV များရှိသလို ဦးနန္ဒာစိုး စွန့်ပစ်ခံရသည့် နေရာပတ်ချာလည်တွင်လည်း CCTV များရှိနေကြောင်း သိရသည်။

 

ယင်းနောက် နံနက်(၃)နာရီ (၄၅)မိနစ်ဝန်းကျင်တွင် နီးစပ်ရာများ၏ တဆင့်ဆက်သွယ် အကူအညီတောင်းပေးမှုများကြောင့် ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းမှ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာပြီး တာချီလိတ်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ပေးလိုက်ရကြောင်း သိရသည်။

ဦးနန္ဒာစိုးထံ ဘေးပတ်ဝန်းကျင်များနှင့် ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းတို့ ရောက်ရှိနေချိန်တွင် သေဆုံးသွားသည့်အခြေအနေ ဖြစ်ပေါ်နေကြောင်းလည်း သိရသည်။

လောင်းကစားဂိမ်းလုပ်ငန်းမှ လူတစ်စု၏ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် ဦးနန္ဒာစိုးမှာ ဦးခေါင်းမှ သွေးယိုစိမ့်နေသည့်အပြင် နောက်စေ့တွင် (၁)လက်မခွဲခန့် အရိုးကွဲအက်နေသည့် ဒဏ်ရာများရရှိကာ သေဆုံးခြင်းဖြစ်ကြောင်း မှုခင်းဆရာဝန် ဒေါက်တာစိုင်းခင်ကျော်၏ စစ်ဆေးချက်အရ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ကျော်ကျော်ဦးက အဆိုပါ လောင်းကစားဂိမ်းခုံလုပ်ငန်းမှ တရားခံ လူ(၇)ဦးကို ဖမ်းဆီး စစ်ဆေးနေလျှက်ရှိရာတွင် (၇)ဦးအနက် ရဲတပ်ဖွဲ့ မိသားစုဝင်ဟောင်း တစ်ဦး ပါဝင်နေကြောင်း နှင့် ယခုလို တရားခံများအား ဖမ်းဆီးရမိထားခြင်းကို ရဲတပ်ဖွဲ့က လျှို့ဝှက်ထားပြီး တရားခံကို စုံစမ်းရှာဖွေနေဆဲဖြစ်ကြောင်း သတင်းလွှင့်ထားကြောင်းလည်း သိရသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး လူသတ်မှုအဖြစ် သတ်မှတ်ကာ တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၅၀/၂၀၂၃၊ အမှုကြီးအမှတ်စဉ် (၄/၂၀၂၃)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၃၀၂ဖြင့် အမှုဖွင့်ပြီး စခန်းမှူး ဒုရဲမှူး ကျော်ကျော်ဦးကိုယ်တိုင် စစ်ဆေးနေလျှက်ရှိကြောင်း သိရသည်။