တာချီလိတ်မြို့ အဝိုင်းပတ်အနီးရှိ ကော်ဖီဆိုင်အတွင်း တရုတ်နိုင်ငံသား(၄)ဦးက အမျိုးသမီးတစ်ဦးကို ရိုက်နှက်ပြီး လက်ထိပ်ခတ် ဖမ်းဆီး ခေါ်သွားရန် လုပ်ဆောင် 

တာချီလိတ်မြို့ အဝိုင်းပတ်အနီးရှိ ကော်ဖီဆိုင်အတွင်း တရုတ်နိုင်ငံသား(၄)ဦးက အမျိုးသမီးတစ်ဦးကို ရိုက်နှက်ပြီး လက်ထိပ်ခတ် ဖမ်းဆီး ခေါ်သွားရန် လုပ်ဆောင် 
ဧပြီ 30, 2023 | မှုခင်းသတင်း

 မြန်မာ - လာအို - ထိုင်း နယ်စပ်ဒေသဖြစ်သည့် တာချီလိတ်မြို့ပေါ် မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားထိပ်ရှိ ကော်ဖီဆိုင်အတွင်း စားသောက်နေသည့် အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံသား (၄)ဦးက ရိုက်နှက်ကာ လက်ထိပ်ခတ်ပြီး ခေါ်ဆောင်ရန် လုပ်ဆောင်သည့် ဖြစ်စဉ် ယနေ့ ၂၀၂၃ခုနှစ် ဧပြီလ(၃၀)ရက်နေ့ နေ့လည်(၁၂)နာရီဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။



"ကော်ဖီဆိုင်ရဲ့ အပေါ်ဆုံးထပ်မှာ ထိုင်နေတဲ့ ကောင်မလေးကို တရုတ်(၄)ယောက်က ရိုက်နှက်ဆွဲခေါ်နေတာ အသံတွေလည်း ကြားနေရတယ်။ နောက်ပြီး ကောင်မလေးကို လက်ထိပ်ခတ်ပြီး ဆွဲခေါ်လာချိန် ကောင်မလေးက အော်လို့ အားလုံးက သိသွားကြတာ။ အဲ့ဒါနဲ့ ရဲရောက်လာပြီး သူတို့ကို ကားပေါ်တင်ခေါ်သွားတယ်။ ထိုင်းဘက်က ရဲလဝက တစ်ယောက်လည်း ဆိုင်ကယ်နဲ့ ရောက်လာသေးတယ်။ ကိုယ့်နိုင်ငံမှာ လာပြီး တရုတ်တွေ ဒီလိုလုပ်တာ လူပါးဝတာကတော့ အတော်လွန် လွန်းတယ်။"ဟု မြင်တွေ့ရသူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

တာချီလိတ်မြို့တွင်  အွန်လိုင်းလောင်းကစားလုပ်ငန်းနှင့် အွန်လိုင်းပေါ် ငွေလိမ်သည့် လုပ်ငန်းများ ခေတ်မစားမီက တရုတ်နိုင်ငံသားများသည် သတ္တူတူးဖော် ရွှေတူးဖော်သည့် လုပ်ငန်းများကိုသာ လုပ်ကိုင်လာနေရာမှ တရုတ်ပြည်မကြီးဘက်ကနေ အများအပြား နည်းလမ်းမျိုးစုံဖြင့် ရောက်ရှိလာပြီး ယခုအခါတွင် အွန်လိုင်းလုပ်ငန်းများကို အဓိက တိုးချဲ့လုပ်ကိုင်လာကြခြင်း ဖြစ်သည်။

"တာချီလိတ်မှာ တရုတ်တွေနဲ့ ပတ်သက်ပြီး အခုလိုဖြစ်တဲ့ ကိစ္စမျိုး လူတွေသိသွားလို့သာ တကယ်တော့ လူတွေ မသိလိုက်ရတဲ့ ဖြစ်စဉ်တွေအများကြီး ရှိနေသေးတယ်။ တရုတ်နိုင်ငံသားတွေ လူပါးအရမ်းဝနေတယ်။ သူတို့လက်ထဲကနေ လွတ်မြောက်ချင်လို့ ထွက်ပြေးချင်နေတဲ့ လူငယ် အမျိုးသမီးတွေရော အမျိုးသားတွေရော တော်တော်များများ ရှိနေတယ်။ တချို့ဆို ထွက်ပြေးတဲ့အခါ ပြန်ဖမ်းမိရင် ကျင်စက်တွေနဲ့ တို့တာတွေ၊ လက်ထိပ်ခတ်ပြီး ရိုက်တာတွေလုပ်တယ်။ ဒါကို တာချီလိတ်က သက်ဆိုင်ရာတွေကလည်း သိပေမဲ့ သွားပြီး ဖမ်းဆီးအရေးယူတာတွေ မလုပ်ရဲဘူး။ ကြောက်ကြတယ်။ အခုလည်း ထွက်ပြေးလို့ပြန်ဖမ်းတာလားမသိဘူး"ဟု တရုတ်နိုင်ငံသားများထံတွင် အလုပ် လုပ်ခဲ့ဖူးသည့် လူငယ် အမျိုးသမီးတစ်ဦးက ပြောပြသည်။

၎င်းတို့ ကြားတွင် လစဉ် ရဲတပ်ဖွဲ့ကနေ စစ်ဗျူဟာ နှင့် စစ်တိုင်းမှူးအထိ ငွေကြေးဖြင့် အဝင်အထွက် ပြုလုပ်ပေးရန် ကြားပွဲစားအဆင့်သာရှိသည့် မြန်မာကိုယ်စားလှယ်များထားရှိပြီး အပေးအယူ ပြုလုပ်ကာ ယခုလို အတင့်ရဲပြီး လုပ်ဆောင်လာနေကြခြင်းလည်း ဖြစ်သည်ဟု နီးစပ်သူများက ဆိုသည်။ 



"တာချီလိတ်မှာ အရင်ကထက် သူတို့တွေ အတော်အတင့်ရဲလာတာတော့ အမှန်ပဲ။ မြို့က စီးပွားရေးမြို့တော်လို့ ပြောပေမဲ့လည်း တကယ်တမ်းက ဒီတရားမဝင် လုပ်ငန်းတွေများတာကို စီးပွားရေးမြို့လို့ ပြောရမှာတောင် ရှက်ဖို့ကောင်းလာတယ်။ ဒေသအသီးသီးမှာ တာဝန်ယူ အုပ်ချုပ်နေရတဲ့ စစ်ဘက်နဲ့ဌာနဆိုင်ရာတွေ ငွေတစ်မျက်နှာပဲ ကြည့်နေရင်တော့ ဒီလို လုပ်ချင်ရာလုပ်လို့ရတဲ့ ဥပဒေမဲ့ ဖြစ်နေမှာပဲ။ တရုတ်တွေ ငွေကြေးကိစ္စတွေကြောင့် ပြီးခဲ့တဲ့ လတွေကလည်း သေနတ်တွေကိုင်ပြီး ပြန်ပေးဆွဲတာတွေလည်း မနည်းဘူးလေ။ ဒီလိုတွေကို ဘယ်သူတွေက တားမြစ်နိုင်မလဲ အကာအကွယ်ပေးနိုင်မလဲ"ဟု အမည်မဖော်လိုသည့် မြို့ခံ ကုန်သည် တစ်ဦးက ထောက်ပြပြောဆိုသည်။

ယနေ့ ဖြစ်စဉ်နှင့် ပတ်သက်၍ တရုတ်(၄)ဦးကို ရဲတပ်ဖွဲ့က ကားဖြင့် ခေါ်ဆောင်သွားသော်လည်း  အမှုဖွင့်အရေးယူဆောင်ရွက်ခြင်း ပြု မပြုကိုတော့ မသိရသေးပေ။