တာချီလိတ်မြို့တွင် သင်္ကြန်အတက်နေ့ တစ်ရက်တည်း ဆိုင်ကယ် (၃)စီး ခိုးခံရ

တာချီလိတ်မြို့တွင် သင်္ကြန်အတက်နေ့ တစ်ရက်တည်း ဆိုင်ကယ် (၃)စီး ခိုးခံရ

ဆိုင်ကယ်ခိုးမှုများ နေ့စဉ်ဖြစ်ပွားနေပြီး ဖမ်းဆီးနိုင်စွမ်းမရှိသည့် နယ်စပ်ဒေသ တာချီလိတ်မြို့တွင် သင်္ကြန်အတက်နေ၏ တစ်နေ့တည်းတွင် ဆိုင်ကယ် (၃)စီး ခိုးခံရပြီး အကြတ်နေ့ အပါအဝင် စုစုပေါင်း (၄)စီး ခိုးခံရမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။



ဆိုင်ကယ်ခိုးခံရသည့် ရပ်ကွက်များမှာ ဆန်ဆိုင်း၊ ဝမ်ကောင်း၊ ဝိန်းကျောက် နှင့် မယ်ခေါင်ရပ်ကွက်အတွင်းဖြစ်ပြီး ဆိုင်ကယ်ပိုင်ရှင်များက ဆိုင်ကယ်အား လောင်းကစား ဂိမ်းခုံများ နှင့် တစ်နေရာရာတွင် တွေ့ရှိရပါက အသိပေးအကြောင်းကြားနိုင်ရန် လူမှုကွန်ယက်များပေါ်တွင် ဖော်နံပါတ်များဖြင့် ဖော်ပြပြီး အကူအညီတောင်းခံထားရှိသည်ကို တွေ့ရသည်။

၂၀၂၃ခုနှစ် ဧပြီလ(၁၆)ရက်နေ့ဖြစ်သည့် သင်္ကြန်အတက်နေ့တွင် ခိုးခံရသည့် ဆိုင်ကယ်များအနေဖြင့် တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အတွင်း နဂါးနှစ်ကောင်ကျောင်းတိုက်အနီးရှိ နေအိမ်အခန်းငှားတွင်  နံနက်(၇)နာရီဝန်းကျင်အချိန်က  ၂၀၂၁ ခုနှစ် ထုတ် Wave i125 အမျိုးအစား ကျောက်ပြာရောင် ဆိုင်ကယ်တစ်စီး ခိုးခံရပြီး  တွေ့ရှိရသူများအနေဖြင့် ဖုန်း 09750090631 သို့ ဆက်သွယ်အကြောင်းကြားပေးနိုင်ရန် ပိုင်ရှင်ဖြစ်သူက အကူအညီတောင်းခံထားရှိသည်။

ယင်းအပြင် တာချီလိတ်မြို့  ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့ပြင်ရှိ ခရစ်ယာန် ဘုရားကျောင်းဝန်းအတွင်း၌   ဧပြီလ(၁၆)ရက်နေ့ နံနက်(၁၀)နာရီခွဲဝန်းကျင်အချိန်က ၂၀၂၁ခုနှစ်ထုတ် Zoomer X အမျိုးအစား အဖြူနက် အရောင် ဆိုင်ကယ်တစ်စီး ခိုးခံရပြီး တွေ့ရှိရသူများအနေဖြင့် ဖုန်း 09772291921 သို့ ဆက်သွယ်အကြောင်းကြားပေးနိုင်ရန် အကူအညီတောင်းခံထားသည်။

အလားတူပင် တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း အားခေရွာရှိ နေအိမ်အခန်းငှားတွင် သင်္ကြန်အတက်နေ့ဖြစ်သည့်  ဧပြီလ(၁၆)ရက်နေ့၏ နေ့လည်(၂)နာရီခွဲဝန်းကျင်အချိန်က ၂၀၂၁ခုနှစ်ထုတ် Wave 125i အမျိုးအစား အနီနက်ရောင် ဆိုင်ကယ်တစ်စီး ခိုးခံရမှုဖြစ်ပွားခဲ့ပြီး တွေ့ရှိသူများအနေဖြင့် ဖုန်း 09459742947 သို့ ဆက်သွယ်အကြောင်းကြားပေးနိုင်ရန် ပိုင်ရှင်ဖြစ်သူက အကူအညီတောင်းခံထားရှိသည်။

 သင်္ကြန်အကြတ်နေ့ဖြစ်သည့် ဧပြီလ(၁၅)ရက်နေ့တွင်လည်း တာချီလိတ်မြို့ ဆန်ဆိုင်းရပ်ကွက်အတွင်း (၇)လမ်းရှိ နေအိမ်အခန်းငှားတွင် ၂၀၀၉ခုနှစ်ထုတ် Honda Dream 125 အမျိုးအစား အပြာရောင်၊ လိုင်စင်နံပါတ်  ၃၇ယ/၇၇၀၃၆ ၊ ဘောင်အမှတ်  ND125-0360927 ပါရှိသည့် ဆိုင်ကယ် တစ်စီး ခိုးခံရ၍   တွေ့ရှိရပါက ဖုန်း  09442154267 နှင့် 09453848048 သို့ ဆက်သွယ်အကြောင်းကြားပေးနိုင်ပါရန် ပိုင်ရှင်ဖြစ်သူက အကူအညီတောင်းခံထားရှိသည်။

သင်္ကြန်နောက်ဆုံး (၂)ရက်အတွင်း ခိုးခံရသည့် ဆိုင်ကယ်(၄)စီးမှာ Tachileik News Agency သို့ ဆက်သွယ်အကူအညီတောင်းခံသူများနှင့် လူမှုကွန်ယက်များပေါ်တွင် အသိပေး အကူအညီတောင်းခံထားသူများသာဖြစ်ပြီး ဆိုင်ကယ်ခိုးခံရသော်လည်း မည်သည့်နေရာမျှ အကူအညီမတောင်းခံဘဲ ဒီအတိုင်းနေသည့် ဆိုင်ကယ်ခိုးခံရမှုများလည်း ရှိနေသေးသည်။ 

တာချီလိတ်မြို့တွင် ဆိုင်ကယ်ခိုးသူများ နှင့် သူခိုးလက်ခံအဖြစ် လက်ခံပေးနေသည့် ဝယ်လက်များနှင့်အပေါင်လက်ခံပေးနေသည့် လောင်းကစားဂိမ်းဆိုင်များကို တာချီလိတ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ကသိရှိသော်လည်း ဖမ်းဆီးအရေးယူပေးခြင်းမရှိဘဲ ဆိုင်ကယ်ခိုးခံရ၍ လာရောက်တိုင်ကြားသူများကိုပင် ရဲစခန်းက အဆင်ပြေပြေ ပြောဆိုခြင်းမရှိဟု ဒေသခံများက ဆိုသည်။ 

"ဆိုင်ကယ်ခိုးခံရတာတွေက ခဏခဏ ဖြစ်တယ်။ နေ့စဉ် နေ့ရော ညရော ဖြစ်နေတာ။ ဘယ်လောက်ဖြစ်ဖြစ် ရဲနဲ့နီးစပ်သူကလွဲရင် မတိုင်ကြတာများတယ်။ စခန်းကို သွားတိုင်ရင်လည်း နင်တို့ဆိုင်ကယ်က လိုင်စင်ရှိလို့လား။ မရှိရင် နင်တို့ကိုတောင် ပြန်ပြီး အမှုဖွင့် တရားစွဲလို့ရတယ်ဆိုပြီး ပြောလွှတ်တာတွေရှိတယ်။ တာချီလိတ်မှာက ခရိုင်အဆင့် ရဲတစ်ယောက်ရဲ့ သား ဆိုင်ကယ်တောင် ပါသွားဖူးတာပဲ။ ဘာမှမတတ်နိုင်ရှာဘူး"ဟု တာချီလိတ်မြို့ ဆန်ဆိုင်းရပ်ကွက်တွင်းနေသူ မနန်းဟွမ်က Tachileik News Agency ကို ပြောပြသည်။

တာချီလိတ်မြို့တွင် နေ့စဉ် နေ့ရော ညပါ ဆိုင်ကယ်ခိုးမှုများမှာ အဆမတန်ဖြစ်ပွားနေသည့်အပြင် အသက်အန္တရာယ်ရန်ရှာပြီး ဓါးထောက်လုသည့် ဖြစ်စဉ်များလည်း မကြာခဏ ဖြစ်ပွားနေသော်လည်း ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိကြောင်း သိရသည်။