တာချီလိတ်မြို့တွင် အထူးကုများနှင့်ကျန်းမာရေး ဝန်ထမ်း (၅၀)ကျော် လုပ်ငန်းပြန်ဝင်လာသော်လည်း ဆေးရုံအုပ်ကြီးနှင့် ခရိုင်/မြို့နယ် ကျန်းမာရေးဝန်ထမ်း (၂၀၀)ဝန်းကျင် CDM ဆက်လက် လုပ်ဆောင်နေ

တာချီလိတ်မြို့တွင် အထူးကုများနှင့်ကျန်းမာရေး ဝန်ထမ်း (၅၀)ကျော် လုပ်ငန်းပြန်ဝင်လာသော်လည်း ဆေးရုံအုပ်ကြီးနှင့် ခရိုင်/မြို့နယ် ကျန်းမာရေးဝန်ထမ်း (၂၀၀)ဝန်းကျင် CDM ဆက်လက် လုပ်ဆောင်နေ

နိုင်ငံ့အာဏာသိမ်းခံထားရသည့် ဖေဖော်ဝါရီလက စ၍ တာချီလိတ်ခရိုင်ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး အပါအဝင် အထူးကုများ နှင့် ကျန်းမာရေးဝန်ထမ်းများ CDM လုပ်ဆောင်ထားရာမှ အထူးကုများနှင့် ကျန်းမာရေးဝန်ထမ်းအချို့ ၂၀၂၁ခုနှစ် ဧပြီလ၏ နောက်ဆုံးပတ်ကစ၍ လုပ်ငန်းပြန်ဝင်နေသော်လည်း ဆေးရုံအုပ်ကြီး အပါအဝင် ခရိုင်/မြို့နယ်မှ ကျန်းမာရေးဝန်ထမ်း(၂၀၀)ဝန်းကျင်က ဆက်လက်၍ CDM လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့တွင် CDM လုပ်ဆောင်ထားသည့် ကျန်းမာရေးဝန်ထမ်း (၃၀၀)ဝန်းကျင်ရှိသည့်အနက် အာဏာသိမ်းစစ်ကောင်စီက အထူးကုဆရာဝန် (၂)ဦးကို ပုဒ်မ ၅၀၅-ကဖြင့် ဖွင့်ထားကြောင်း စစ်တပ်ပိုင်သတင်းတွင် ကြေညာလိုက်ပြီးနောက် အထူးကုများနှင့်လက်ထောက်ဆရာဝန်အချို့ လုပ်ငန်းပြန်ဝင်လာကြခြင်း ဖြစ်သည်။

ရှောင်လွဲလို့မရဘူး ဖိအားပေးလာတာတွေရှိတော့ Non CDM လိုက်ရတယ်။ စိတ်ထဲမှာတော့ မကောင်းဘူး။ အားလုံးကိုလည်း နားလည်ပေးပါလို့ ပြောချင်ပါတယ်

ဟု Non CDM လုပ်ဆောင်လိုက်သည့် ဆရာဝန်တစ်ဦးက ပြောသည်။

 

 

စစ်အာဏာရှင်အမြစ်ပြုတ်ကျဆုံးရေးအတွက်ဖြစ်၍ ရေရှည်ကို ကြည့်ကာ CDM လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

အခုက ဒေသတစ်ခုနဲ့လည်း မဆိုင်တော့ဘူး။ နိုင်ငံနဲ့ဆိုင်လာပြီ၊ ဒေသတခုတည်းနဲ့ဆိုရင်တော့ ကျွန်တော်လည်း ဘယ် CDM လုပ်မလဲ၊ အေးဆေး ဆေးခန်းဖွင့်စားနေလို့ရတာပဲ။ မြို့မိမြို့ဖ အချို့လည်း တောင်းဆိုသလိုလိုနဲ့ ဖိအားပေးတဲ့ပုံစံမျိုးနဲ့ ပြောလာတာမျိုးတွေလည်းရှိတယ်။ ကျွန်တော်တော့ အနာဂါတ်အတွက် မျက်နှာပူစရာအလုပ်မျိုး မလုပ်ချင်လို့။ CDM အဆုံးထိ သွားဖို့ပဲ ဆုံးဖြတ်ထားတယ်။

ဟု CDM လုပ်ဆောင်ထားသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

 

တာချီလိတ်မြို့တွင် CDM ဖျက်ပြီး လုပ်ငန်း ပြန်ဝင်လာသည့်  အထူးကု နှင့် ကျန်းမာရေးဝန်ထမ်းများဖြင့် လတ်တလော၌ နေ့စဉ် နံနက်(၈)နာရီမှ ညနေ(၈)နာရီအထိ ကျန်းမာရေးဝန်ဆောင်မှုများ ပေးသွားမည်ဖြစ်ပြီး ကျန်ရှိနေသူများကိုလည်း CDM ဖျက်ပြီး Non CDM လုပ်လာရန်အတွက်လည်း ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။