တာချီလိတ်မြို့အဝင် မယ်ယန်းနှင့် လွယ်တော်ခမ်းဂိတ်များတွင် နေ့စဉ် Covid-19 စစ်ဆေးပေးနေရသည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၇၀) ဝန်းကျင်ရှိ

တာချီလိတ်မြို့အဝင် မယ်ယန်းနှင့် လွယ်တော်ခမ်းဂိတ်များတွင် နေ့စဉ် Covid-19 စစ်ဆေးပေးနေရသည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၇၀) ဝန်းကျင်ရှိ
အောက်တိုဘာ 19, 2020
By Tachileik News Agency
တာချီလိတ်မြို့အဝင် မယ်ယန်းနှင့် လွယ်တော်ခမ်းဂိတ်များတွင်  နေ့စဉ် Covid-19 စစ်ဆေးပေးနေရသည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၇၀) ဝန်းကျင်ရှိ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ဝင်လာသည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား မယ်ယန်းစစ်ဆေးရေးဂိတ်နှင့် လွယ်တော်ခမ်းစစ်ဆေးရေးဂိတ်တို့၌ ကျန်းမာရေးဦးစီးဌာနက test kit ဖြင့် စစ်ဆေးပေးနေရာ တစ်နေ့လျှင် ပျမ်းမျှအားဖြင့် ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက် (၇၀) ဝန်းကျင်ကို စစ်ဆေးပေးနေရကြောင်း သိရသည်။ 
“လွယ်တော်ခမ်းဂိတ်ကိုလည်း စစ်နေပြီ။ မယ်ယန်းဂိတ်မှာလည်း စစ်နေပြီ။ စစ်သမျှထဲတော့ မတွေ့သေးဘူး။ အကြမ်းဖျဉ်းအားဖြင့် တစ်နေ့ကို (၇၀)လောက် စစ်ပေးရတယ်။”ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့သို့ တောင်ကြီး - ကျိုင်းတုံဘက်မှ ဝင်ရောက်လာမည့်သူများကို မယ်ယန်း ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင်လည်းကောင်း၊ မိုင်းတုံ - မိုင်းဆတ်ဘက်မှ ဝင်ရောက်လာနိုင်မည့်သူများကို လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် လည်းကောင်း၊ မိုင်းဆတ်ဘက်မှ ဝင်ရောက်လာသည့် မော်တော်ယာဉ်များအား ဟွေရဲ စစ်ဆေးရေးဂိတ်တွင် လည်းကောင်း ခရီးသည်များ၏ ခရီးသွားရာဇဝင်ကို စစ်ဆေး၍ quarantine center ပို့ဆောင်ခြင်း၊ မယ်ယန်းဂိတ်နှင့် လွယ်တော်ခမ်းဂိတ်တို့၌ ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား လိုအပ်ပါက test kit ဖြင့် COVID 19 စစ်ဆေးပေးခြင်းများကို ဆောင်ရွက်နေခြင်းဖြစ်သည်။
တာချီလိတ်တွင် ယခင်က မြို့အဝင်မယ်ယန်းဂိတ်၌သာ စစ်ဆေးနေရာမှ မိုင်းဆတ်မြို့နှင့် မိုင်းတုံမြို့များတွင် COVID-19 အတည်ပြုလူနာများ တွေ့လာရသည့်အတွက် တာချီလိတ်မြို့ရှိ  လွယ်တော်ခမ်းစုပေါင်းဂိတ် နှင့် ဟွေရဲပူးပေါင်းစစ်ဆေးရေးဂိတ်တို့တွင် ကျန်းမာရေးစစ်ဆေးမှုများကို ၂၀၂၀ ခုနှစ် အောက်တိုဘာ (၁၃) ရက်နေ့ကစ၍  စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
တာချီလိတ်မြို့သို့ လာရောက်သူများအနေဖြင့် မည်သည့်ဒေသမှ လာရောက်ကြောင်း ရပ်ကွက်ထောက်ခံစာယူဆောင်လာရန်လိုအပ်ပြီး မြို့အဝင်ဂိတ်များတွင် ရပ်ကွက်ထောက်ခံစာ စိစစ်ခြင်း၊ ခရီးသွားရာဇဝင်မေးမြန်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းများကို သက်ဆိုင်ရာဂိတ်များရှိ စစ်ဆေးရေးအဖွဲ့များက ဆောင်ရွက်ကြမည်ဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~