တာချီလိတ်မြို့မဈေးအနီး နမ့်ယွန်းချောင်းအတွင်း စည်းကမ်းမဲ့ စွန့်ပစ်အမှိုက်များ ရှင်းလင်းနိုင်ခြင်းမရှိသေး၍ ကာလကြာရှည် သောင်တင်နေ

တာချီလိတ်မြို့မဈေးအနီး နမ့်ယွန်းချောင်းအတွင်း စည်းကမ်းမဲ့ စွန့်ပစ်အမှိုက်များ ရှင်းလင်းနိုင်ခြင်းမရှိသေး၍ ကာလကြာရှည် သောင်တင်နေ
ဧပြီ 15, 2023 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် စည်ပင်သာယာရေးဌာနပိုင်ဖြစ်သည့် မြို့မ(ဝမ်ကောင်း)ဈေးအနီးရှိ နမ့်ယွန်းချောင်းအတွင်း စည်ကမ်းမဲ့ စွန့်ပစ်အမှိုက်များမှာ ရှင်းလင်းနိုင်ခြင်းမရှိသေးဘဲ (၂)လကျော်ကြာ သောင်တင်နေ သိရသည်။

"တာချီလိတ်မှာ ရေကြီးရင် ရေကြီးတယ်ပြောကြတယ်။ ချောင်းအနီးနေသူတွေကလည်း စည်းကမ်းကြမရှိဘူး။ အမှိုက်တွေကို ချောင်းထဲ ပစ်ချကြတယ်။ အခုတော့ ဈေးအနီးနားက တံတားမှာ အမှိုက်တွေ အများကြီးဖြစ်နေပြီ၊ အဲ့နားက ဖြတ်သွားရင် အနံ့ထွက်နေတယ်။ စည်ပင်ကလည်း သိသိနဲ့ကျော်သွားတယ်"ဟု ဝမ်ကောင်းရပ်ကွက်အတွင်း နေထိုင်သူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ကိုးမြို့ရှင်နတ်စင်အဆင်း မကာဟိုခမ်း နှင့် ဝမ်ကောင်းရပ်ကွက်အကြားရှိ နမ့်ယွန်းချောင်းအပိုင်း  တံတားအောက်တွင် အမှိုက်များမှာ (၂)လကျော်အကြာ ပိတ်ဆို့နေခြင်း ဖြစ်ကြောင်း သိရသည်။

"တလောတုန်းက စုပေါင်းအဖွဲ့တွေ လူမြင်ကွင်း ကားလမ်းဘေးဘက်မှာပဲ သန့်ရှင်းရေး လုပ်ကြတာတွေ့ရတယ် ဒီဖက်တော့ ရောက်မလာဘူး။ အမှိုက်က ချောင်းထဲမှာ အရမ်းများနေတာ။ မိုးရွာလို့ ရေကြီးရင် ရေမဆင်းနိုင်ရင် ခက်မယ်"ဟု ဒေသခံ တစ်ဦးက ပြောသည်။

ဖော်ပြပါ ပုံများသည် ၂၀၂၃ခုနှစ် ဧပြီလ(၁၅)ရက် သင်္ကြန်အကြတ်နေ့အထိ ရှိနေဆဲဖြစ်ပြီး အဆိုပါ လမ်းတွင် နေ့စဉ် လူသွားလူလာ အများဆုံးဖြစ်သလို  ယာဉ်ကြောပိတ်ဆို့ဆုံး နေရာတစ်ခုလည်း ဖြစ်သည်။