စစ်တပ်က နိုင်ငံတော်အာဏာသိမ်းမှုကို လက်မခံကြောင်း နည်းမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်မှု တာချီလိတ်တွင် (၃) ရက်မြောက်နေ့အဖြစ် ဆက်လက်လုပ်ဆောင်

စစ်တပ်က နိုင်ငံတော်အာဏာသိမ်းမှုကို လက်မခံကြောင်း နည်းမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်မှု တာချီလိတ်တွင် (၃) ရက်မြောက်နေ့အဖြစ် ဆက်လက်လုပ်ဆောင်
ဖေဖော်ဝါရီ 5, 2021 | နိုင်ငံရေး| ရှမ်းရှေ့

စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းသည်ကို လက်မခံသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ ပြည်သူများက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်သည့် (၃) ရက်မြောက်နေ့အဖြစ် နေအိမ်များတွင် သံပုံးတီးခြင်း၊ မီးပုံးပျံလွှတ်တင်ခြင်း၊ ကမ္ဘာမကြေသီချင်းများ စုပေါင်းသီဆိုခြင်းနှင့် လမ်းမများထက်တွင် မော်တော်ယာဉ် မော်တော်ဆိုင်ကယ်များက ဟွန်းအဆက်မပြတ်တီးခြင်းများကို ည (၈) နာရီအချိန်တွင် လုပ်ဆောင်ကြသည်ကို တွေ့ရသည်။



(၁) ရက်နေ့မှာ စစ်တပ်က မတရားအာဏာသိမ်းတယ်။ ဒါကိုလက်မခံတဲ့အတွက် သံပုံးတီးတာ။ ကျွန်တော်တို့က စစ်ဖိနပ်အောက်ပြန်ရောက်သွားတဲ့ ပုံစံမျိုးဖြစ်တာပေါ့။ မြန်မာ့နိုင်ငံရေးကို အိမ်နီးချင်းနိုင်ငံတွေကသိအောင် ဒီလို ဆန္ဒထုတ်ဖော်ပြသတာဖြစ်တယ်

ဟု မကာဟိုခမ်းရပ်ကွက်နေပြည်သူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။



တာချီလိတ်တွင် ဖေဖေါ်ဝါရီလ (၃) ရက်နေ့မှစပြီး ညစဉ် ည(၈) နာရီအချိန်၌ နေအိမ်များမှ သံပုံးတီးခြင်း၊ လူငယ်များက Save The Myanmar စာတမ်းနှင့် အာဏာရှင်ကို ဆန့်ကျင်သည့် အမှတ်အသား Three Finger Salute စတစ်ကာကပ်ထားသည့်  မီးပုံပျံအများအပြားကို နေအိမ်အသီးသီးမှ လွှတ်တင်ခြင်းများ ပြုလုပ်နေကြသည်။



ယင်းအပြင် ည (၈)နာရီအချိန်တွင် လမ်းပေါ်၌ သွားလာနေသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များက ဟွန်းများအဆက်မပြတ်တီးခြင်းဖြင့် ဆန္ဒထုတ်ဖေါ်ကြနေသည်ကိုလည်း တွေ့ရသည်။

Tachileik News Agency