တာချီလိတ် - မယ်ဆိုင်အကြားရှိ တံတား(၂)တွင် ကုန်တင်ယာဉ်မောင်း လဲလှယ်မောင်းနှင်ခြင်း စနစ်အား ဧပြီလလယ်မှ အရင်တိုင်း ပြောင်းလဲနိုင်ချေရှိ

တာချီလိတ် - မယ်ဆိုင်အကြားရှိ တံတား(၂)တွင် ကုန်တင်ယာဉ်မောင်း လဲလှယ်မောင်းနှင်ခြင်း စနစ်အား ဧပြီလလယ်မှ အရင်တိုင်း ပြောင်းလဲနိုင်ချေရှိ
မတ် 23, 2021 | ရှမ်းရှေ့

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ ချစ်ကြည်ရေး အမှတ်(၂)တံတားပေါ်တွင် ကုန်တင်ယာဉ်ငယ် ယာဉ်မောင်းလဲလှယ်မောင်းနေရသည့် စနစ်အား ဧပြီလလယ်လောက်မှ ယခင်အတိုင်း အပြောင်းအလဲ ဖြစ်နိုင်ခြေရှိကြောင်း မြို့နယ်အဆင့် TBC အလွတ်သဘော အစည်းအဝေးအရ သိရသည်။

မြန်မာဘက်က ယာဉ်မောင်းများအား Covid-19 ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသည့်အတွက် မြန်မာဘက်က ကုန်တင်ယာဉ်ငယ်များ နှစ်နိုင်ငံ ကုန်သွယ်မှု ကောင်းမွန်စေရေး  ယာဉ်မောင်း လဲလှယ်ခြင်း မပြုလုပ်ဘဲ မယ်ဆိုင်မြို့တွင်းသို့ ဝင် ထွက် သွားလာနိုင်ရေးအခြေအနေကို ထိုင်းဘက်သို့ ဆွေးနွေးခြင်း ဖြစ်သည်။

မြန်မာဘက်၏ ဆွေးနွေးမှုအား ထိုင်းဘက်က ချင်းရိုင်းခရိုင် အစည်းအဝေးတွင် တာချီလိတ် - မယ်ဆိုင် ယာဉ်မောင်းများ လဲလှယ်ခြင်းများကို ဧပြီလ၏ လလယ်လောက်ရောက်မှသာ ခွင့်ပြုပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားထားပြီး Covid-19 ကူးစက်မှုအပေါ် မူတည်ကြောင်းလည်း သိရသည်။

မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)အား ထိုင်းနိုင်ငံက Covid-19 ကူးစက်မှုကို တားဆီးရန်အတွက် ၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့က စ၍ ပိတ်ခဲ့ခြင်း ဖြစ်ပြီး ချစ်ကြည်ရေး အမှတ်(၂)တံတားအား ကုန်သွယ်ရေးအတွက်သာ အကန့်သတ်ဖြင့် ဖွင့်လှစ်ပေးထားခြင်း ဖြစ်ကာ  မြန်မာဘက်၏ ယာဉ်မောင်းများမှတဆင့် Covid-19 ကူးစက်မှုမရှိစေရေးဟုဆိုကာ ထိုင်းဘက်က မြန်မာ ယာဉ်မောင်းများကို မယ်ဆိုင်မြို့တွင်းအထိ ဝင်ရောက်ခြင်းမရှိစေဘဲ ယာဉ်မောင်းလဲလှယ်စနစ်ဖြင့် ခွင့်ပြုပေးနေခြင်း ဖြစ်သည်။

တာချီလိတ် - မယ်ဆိုင် မြို့နယ်အဆင့် နယ်ခြားကော်မတီ(TBC)၏ အလွတ်သဘောဆွေးနွေးပွဲကို ၂၀၂၁ခုနှစ် မတ်လ(၂၂)ရက်နေ့ နံနက်(၉)နာရီအချိန်က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ မယ်ခေါင်ဒယ်လ်တာဘွတ်တစ်ဟိုတယ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံဘက်က အမှတ်(၃) လှုပ်ရှားယန္တရားတပ် ဗျူဟာမှူး၊ ထိုင်း-မြန်မာ နယ်ခြားကော်မတီ (မယ်ဆိုင်) ဥက္ကဌ ဗိုလ်မှူးကြီး ဆမ်ရစ် ချတ်ဝပ်ထနား စကူလ် နှင့် အဖွဲ့ဝင်များ၊ မြန်မာဘက်က  စစ်ဗျူဟာအဖွဲ့အခြေချ (တာချီလိတ်)မှ ခေတ္တစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဖေသက်သန်းနှင့် အဖွဲ့က တွေ့ဆုံက အလွတ်သဘောဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။