တာချီလိတ်မြို့တွင် စကားများရန်ဖြစ်ရာက သေနတ်ပစ်ခတ်မှုဖြစ်ပြီး (၁)ဦးသေကာ (၄)ဦး ဒဏ်ရာရ၍ Online Game လုပ်ငန်း အချို့ကို ဝင်ရောက် စစ်ဆေး

 တာချီလိတ်မြို့တွင် စကားများရန်ဖြစ်ရာက သေနတ်ပစ်ခတ်မှုဖြစ်ပြီး (၁)ဦးသေကာ (၄)ဦး ဒဏ်ရာရ၍ Online Game လုပ်ငန်း အချို့ကို ဝင်ရောက် စစ်ဆေး

 

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ဆန်ဆိုင်းရပ်ကွက်အတွင်း၌ စကားများရန်ဖြစ်ရာမှ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပြီး လူ(၁)ဦး သေဆုံးကာ (၄)ဦးဒဏ်ရာရှိပြီးနောက် တရားခံများကို ဖမ်းဆီးရမိရေးအတွက် Online Game လုပ်ငန်းနေရာအချို့ကို ဝင်ရောက် စစ်ဆေးကြောင်း သိရသည်။

ယနေ့ ၂၀၂၃ခုနှစ် ဧပြီလ(၁၅)ရက်နေ့အကူး နံနက်(၂)နာရီကျော်အချိန်က တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း Lion King စားသောက်ဆိုင်ရှေ့တွင် ယာဉ်(၂)စီး ပွတ်တိုက်မှု ဖြစ်ပွားရာမှ စကားများပြီး သေနတ်ပစ်ခတ်မှုဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ သောက်စားမူးယစ်နေသူများက စကားများရာမှ သေနတ်(၂)လက်ဖြင့် ပတ်ခတ်ရာ ဆိုင်အနီးရှိ နောင်ဝင်းထွန်းဆိုသူမှာ ကျည်ထိမှန်ကာ နေရာတွင်ပင် သေဆုံးသွားပြီး စိုးမင်း၊ စိုင်းကို၊ စိုင်းဖတ် နှင့် စိုင်းခမ်းကျောက်တို့လည်း သေနတ်ဒဏ်ရာများရရှိရာတွင် စိုင်းခမ်းကျောက် နှင့် စိုင်းဖတ်တို့မှာ စိုးရိမ်ရကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး သေနတ်ဖြင့် ပစ်ခတ်သူများကို ဖမ်းဆီးရရှိခြင်းမရှိသေးသည့်အတွက် တရားခံများမှာ အွန်လိုင်းဂိမ်းလုပ်ငန်းအချို့နှင့် ဆက်စပ်နိုင်သည်ဟု ယူဆပြီး ရှာဖွေရေးအနေဖြင့် ယနေ့ နံနက်တွင် ဆန်ဆိုင်းရပ်ကွက်အတွင်းရှိ Online Game လုပ်ငန်းနေရာအချို့အား ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်ထားနှင့် တရားခံများအား ဖမ်းဆီးရမိနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် သေနတ်များကို ကိုယ်ကျိုးအတွက် လွတ်လပ်စွာ ကိုင်ဆောင်သူများပြီး ၎င်းတို့သည် ယခုလို စကားများရန်ဖြစ်ရာ နှင့် အကြွေးကိစ္စများတွင် ထုတ်သုံးလေ့ရှိသည်။