ဘောလခဲ၊ ဖားဆောင်းနှင့် မော်ချီးဒေသများတွင် အခြေခံစားသောက်ကုန်နှင့် စက်သုံးဆီများ ပြတ်လပ်နေ

ဘောလခဲ၊ ဖားဆောင်းနှင့် မော်ချီးဒေသများတွင် အခြေခံစားသောက်ကုန်နှင့် စက်သုံးဆီများ ပြတ်လပ်နေ
ဇွန် 1, 2021 | ကယား

ကယားပြည်နယ်တွင်းရှိ ဘောလခဲ၊ ဖားဆောင်းနှင့် မော်ချီးဒေသတို့တွင် အခြေခံစားသောက်ကုန်နှင့် စက်သုံးဆီများပါ ပြတ်လပ်နေပြီဖြစ်ကြောင်း ၂၀၂၁ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့ ဒေသခံများထံမှ ရရှိသည့်အတည်ပြုချက်များအရ သိရသည်။

ဖားဆောင်းမြို့နယ်ထဲရှိ ခဲသတ္တုတူးဖော်သည့် မိုင်းတွင်းလုပ်ငန်းများ အဓိကလုပ်ကိုင်နေကြသည့် မော်ချီးဒေသတွင် အခြေခံစားသောက်ကုန်များ ဝယ်ယူ၍ မရတော့ဘဲ ဆန်တစ်အိတ်လျှင် ကျပ် (၁) သိန်းအထိ ဈေးတက်လာပြီး စက်သုံးဆီလည်း ပြတ်လပ်နေကြောင်း သိရသည်။

တိုက်ပွဲတွေစတော့ ကားတွေ မထွက်တော့ဘူး။ အဲဒီကတည်းက စားသောက်ကုန်တွေ အကုန်ပြတ်ချင်နေတာ။ အခုကျ​တေ့ာ လုံးလုံးကို ပြတ်ပြီပေါ့။ ဝယ်လို့ကိုမရတော့ဘူး။ မော်ချီးကကျတော့ မိုင်းတွင်းလုပ်ငန်းတွေကို အခြေပြုပြီး နေကြတဲ့သူတွေပဲဆိုတော့ သူ့ရပ်ကွက်တွေအလိုက် သွားလာရခက်ခဲတဲ့နေရာ လွယ်တဲ့နေရာ အဲဒီလိုရှိတယ်။ တောင်ပေါ်ဖက်ဆို ဆန်တစ်အိက်ကို (၉)သောင်း (၁)သိန်း ထိပေးပြီး ဝယ်နေရတယ်။ ဒါတောင် ရောင်းဖို့မရှိကြတော့ဘူး ။ ရှိတဲ့သူတစ်ချို့ကတော့ အခုလို ပြတ်လပ်လာတဲ့အခါကျတော့ ထုတ်ရောင်းပေးရင်းတောင် ဈေးက အဲဒီလိုပေးနေရတယ်။ တောင်အောက်ဖက်ဆို (၇)သောင်း လောက်ထိ ပေးဝယ်ရတယ်။ ဓာတ်ဆီတွေလည်း မရှိတော့ဘူး ။ ဓာတ်ဆီကလည်း ကျွန်တော်တို့ဒေသရဲ့ အဓိကနေ့စဥ်သုံးနေရတဲ့ဟာပေါ့။ ဖုန်းဘေဆိုလည်း တစ်ထောင်တန်ကို (၁၅၀၀) ပေးနေရတယ်

ဟု မော်ချီးဒေသခံတစ်ဦးက တာချီလိတ်သတင်းအေးဂျင်စီသို့ ပြောသည်။ 

ဖားဆောင်းမြို့နယ် ၊ မော်ချီးဒေသမှာ ကယားပြည်နယ်၏ အစွန်ဖျားတွင်ရှိသော ခဲသတ္တု တူးဖော်သည့် မိုင်းတွင်းလုပ်ငန်းများသာ လုပ်ကိုင်သည့် နေရာဖြစ်ပြီး အသားငါးများ ဝယ်ယူ၍မရတော့ဘဲ အခြားစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်နေကြောင်း သိရသည်။

အဓိက ဈေးတက်တာထက် ဝယ်လို့ကိုမရတော့တာခင်ဗျ။ ဖားဆောင်းမှာ သွားဆင်းဝယ်လည်း မရှိတော့ဘူး။ ပစ္စည်း တွေအကုန် ပြတ်ကုန်တာ။ ကားတွေက မထွက်ကြတော့ဘူး။ ဒါကြောင့်ပေါ့။ အသား ငါးဆိုဝေးပေါ့ဗျာ။ ကိုယ်မွေးထားတာလေးပဲ သတ်စားကြရတာပေါ့။ မော်ချီး ကအရင်ကတည်းက ဝေးလံတယ်။ သွားလာရခက်ခဲတယ်ဆိုတော့ ကုန်ဈေးနှုန်းက တစ်ခြားနေရာထက် မြင့်တယ်ဆိုပေမယ့် အခုလို အခြေနေမျိုးထိတော့ မဟုတ်ဘူးပေါ့။ အခုက တကယ်ကို မကြုံဖူးအောင် ပြတ်လပ်နေတာ။ ပိုက်ဆံရှိရင်တောင် ဝယ်လို့မရတဲ့ အနေထားဖြစ်နေတယ်။

ဟု မော်ချီးဒေသခံတစ်ဦးက ပြောသည်။

မေလနောက်ဆုံးပတ်မှစ၍ ကယားပြည်နယ်တွင်းရှိ ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့မြို့များဖက်သို့ ကုန်တင်ကားနှင့် ခရီးသည်တင်ကားများ သွားလာခြင်းမရှိတော့သဖြင့် အဆိုပါ မြို့များတွင်ပါ ကုန်စည်များ ပြတ်လပ်လာနေပြီဖြစ်ပြီး အဓိက စားသုံးသည့် ဆန်ကိုဝယ်ယူ၍ပင် မရ​တော့ကြောင်း သိရသည်။ 

ဖားဆောင်း ၊ မော်ချီးဖက်ကတောင် ဒီဘောလခဲ ထိလာဝယ်ကြတယ်ပြောတယ်။ ဒီမှာတောင် ဆန် ဝယ်လို့မရတော့ဘူး ။ သူတို့က ဒီထိ လာဝယ်ပေမဲ့ ရောင်းစရာဆန်က မရှိတော့တဲ့ အခြေအနေပေါ့။  အသားငါးဆို ဝေလာဝေးပေါ့။ ကွမ်းစားသမားတွေဆိုလည်း ကွမ်းကြမ်း တစ်ပိသာကို (၁၅၀၀၀)ထိပေးပြီး လုဝယ်စားနေရတယ်ပြောတယ်။

ဟု ဘောလခဲမြို့ ဒေသခံ တစ်ဦးကပြောသည်။

ဖားဆောင်းမြို့နယ်အတွင်း၌လည်း မေလနောက်ဆုံးပတ်မှစ၍ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များ ၊ ကြက်ဥ၊ ကြက်သွန် ၊ အာလူး ၊ ခရမ်းချဥ်သီးစသည့် မီးဖိုချောင်သုံးနှင့် စာသောက်ကုန်များ ဝယ်ယူ၍ မရတော့ဘဲ ပြတ်လပ်နေပြီး စက်သုံးဆီဆိုင်များလည်း ပိတ်ထားရကာ ယခင် ဆန်တစ်အိတ် (၃)သောင်းတန်မှာ ယခု (၇) သောင်းနှင့် (၅)သောင်းတန်မှာ (၁)သိန်းထိ ဈေးတက်သွားပြီး ယခုတွင် ဝယ်ယူ၍ပင်မရတော့ကြောင်းသိရသည်။ 

ကားတွေ မလာရတော့ အကုန်ပျက်သွားတာပေါ့။ စားသောက်ကုန်ဆို အကုန်ပိုက်ဆံရှိရင်တောင် ဝယ်ဖို့မရှိတော့ဘူး။ ရောင်းစရာလည်းမရှိတော့ဘူး ။ ဆန်ဆိုရင် ဘယ်ဆိုင်မှာမှ မရှိတော့ဘူး။ ဝယ်လို့ ရချိန်တုန်းကတောင် (၃)သောင်းတန်က (၇)သောင်း၊ (၅)သောင်းတန်က (၁)သိန်းထိ ဖြစ်သွားတယ်။ အခုဆို ဘာမှမရှိတော့ဘူး မာမီးခေါက်ဆွဲတောင် ဝယ်ဖို့မရှိတော့ဘူး။ ခရမ်းချဥ်သီး၊ အားလူး၊ ကြက်သွန် အကုန်ဘာမှ မရှိတော့ဘူး။ ဓာတ်ဆီဆိုင်တွေလည်း ပိတ်ထားရပြီ ရောင်းစရာမရှိတော့ဘူးပေါ့

ဟု ဖားဆောင်မြို့ ဒေသခံတစ်ဦးက ပြောသည်။ 

ကယားပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ် အတွင်း ပြည်သူ့ကာကွယ်ရေးတပ် များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲများကြောင့် မေလ လယ်လောက်မှစ၍ ဘောလခဲ ၊ ဖားဆောင်းနှင့် မဲစဲ့မြို့များသို့ ကုန်တင်ကား ၊ခရီးသည်တင်ကားများ မသွားရောက်တော့ဘဲ ရပ်တန့်ထားခဲ့ရပြီး မေလ ၂၈ ရက်နေ့မှစ၍ ကယားပြည်နယ်အတွင်း သို့ ဝင်ရောက်သည့်လမ်းဖြစ်သည့် ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့ လမ်းခွဲမှစ၍ စစ်ကောင်စီမှ  ပိတ်လိုက်ခြင်းကြောင့် ကုန်သွယ်မှု များ ခက်ခဲလာခြင်းလည်း ဖြစ်သည်။

 

#TachileikNewsAgency