ထိုင်းနိုင်ငံတွင် စည်ကားလှသည့် သင်္ကြန်ပွဲတော်မှ ဘီလီယံနှင့်ချီ ဝင်ငွေရမည်

ထိုင်းနိုင်ငံတွင် စည်ကားလှသည့် သင်္ကြန်ပွဲတော်မှ ဘီလီယံနှင့်ချီ ဝင်ငွေရမည်
By Mr John

ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် သုံးနှစ်ကြာ ရပ်ဆိုင်းထားခဲ့ရသည့် သင်္ကြန်ပွဲတော်ကို ၂၀၁၃ ခုနှစ်တွင် ဧပြီလ (၁၃)ရက်နေ့တွင် ပြန်လည်ကျင်းပရာ ထိုင်းနိုင်ငံသားနှင့် နိုင်ငံခြားသားများစွာ စည်ကားစွာပါဝင်ဆင်နွှဲကြသဖြင့် ပွဲတော် (၃)ရက်တာအတွင်း ဘတ် (၁၈.၅၃) ဘီလီယံအထိသုံးစွဲကြမည်ဟု ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့က ခန့်မှန်းထားသည်။

Kasikorn Research Centre ၏ခန့်မှန်းချက်အရ ထိုင်းခရီးသွားများ၏ သုံးစွဲငွေပမာဏ တစ်ခုတည်းကပင် ဘတ် (၂၃) ဘီလီယံအထိ ရှိနိုင်မည်ဟုဆိုသည်။

ထိုင်းသင်္ကြန်ပွဲတော်ဆင်နွှဲရန် ရေပန်းအစားဆုံး နေရာတစ်ခုဖြစ်သည့် ချင်းမိုင်မြို့ရှိ Khu Muang နှင့် Tha Pha Gate ကဲ့သို့ နေရာများတွင် အပူချိန်မြင့်တက်နေပြီး မီးခိုးမြူများဖုံးလွှမ်နေသော်လည်း ခရီးသွားများနှင့်ပြည့်နေခဲ့ခြင်းဖြစ်သည်။ 

ချင်းမိုင်တွင် သင်္ကြန်ပွဲတော်ကို ဧပြီလ (၁၃) ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲ (၂) နာရီအချိန်က အခမ်းအနားဖြင့် စတင်ခဲ့ခြင်းဖြစ်ပြီး ချင်းမိုင်တွင် ရောက်ရှိနေသည့် တရုတ်ခရီးသွား (၁၀၀၀) ခန့် ပါဝင်သည့် ခရီးသွားအုပ်စုတစ်ခုကို ဧပြီလ (၁၂) ရက် ညပိုင်းတွင် ပြည်နယ်ဆိုင်ရာ TAT ရုံးက ကြိုဆိုပွဲအခမ်းအနား ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါခရီးသွားများသည် ကားများဖြင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်ခဲ့ကာ ချင်းရိုင်၊ လွိုင် ၊ နွန်ခွိုင် နှင့် နန်ဒေသများမှတစ်ဆင့် ချင်းမိုင်သို့လာရောက်ကြခြင်း ဖြစ်ကြောင်း သိရသည်။

ချင်းမိုင် TAT ရုံး၏ ခန့်မှန်းမှုအရ သင်္ကြန်ပွဲတော် အားလပ်ရက်တစ်လျှောက်တွင် နောက်ထပ် အနည်းဆုံး ခရီးသွား (၁၂၀၀၀၀) လာရောက်နိုင်မည်ဖြစ်ပြီး ခရီးသွားလုပ်ငန်းနှင့်ဆက်နွယ်သည့် ဝင်ငွေ ဘတ် (၁.၁) ဘီလီယံကျော် ရရှိနိုင်မည်ဟု ဆိုသည်။

အလားတူ မြို့တော်ဘန်ကောက်တွင်လည်း ပွဲတော်ကျင်းပရာ အချက်အချာနေရာဖြစ်သည့် ခုတ်ဆန်လမ်းသို့ ခရီးသွား (၅၀,၀၀၀) ခန့် လာရောက်ကြပြီး အဆိုပါလမ်းကို ယာဥ်အသွားအလာ ပိတ်ပင်ထားကြောင်း သိရသည်။

အဆိုပါ ဘန်ကောက်မြို့ Khao San လမ်းသို့  ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကလည်း ၎င်း၏ United Thai Nation ပါတီမှ အဓိက ပုဂ္ဂိုလ်များနှင့်အတူ ဧပြီလ (၁၄) ရက်နေ့က ကြိုတင်မကြေညာဘဲ ရောက်ရှိလာခဲ့ပြီး  ရေပက်ကစားခဲ့သည်ကို တွေ့ရသည်။