တရုတ်နိုင်ငံတွင် ပြင်းထန်သည့်ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပြီးနောက် COVID ကန့်သတ်ချက်အချို့ကို စတင်ဖြေလျှော့

တရုတ်နိုင်ငံတွင် ပြင်းထန်သည့်ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပြီးနောက် COVID ကန့်သတ်ချက်အချို့ကို စတင်ဖြေလျှော့
By Mr John

တရုတ်နိုင်ငံတွင် သမိုင်းဝင်ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပြီးနောက် COVID ကန့်သတ်ချက်အချို့ကို စတင်ဖြေလျှော့လာ

တရုတ်နိုင်ငံတွင် Covid-19 ကန့်သတ်ချက်များကြောင့် ဘေဂျင်း နှင့် ရှန်ဟိုင်း အပါအဝင် မြို့အများအပြား၌ ဖြစ်ပေါ်ခဲ့သည့် အပြင်းထန်ဆုံး ဆန့်ကျင်ဆန္ဒပြမှုများကြောင့် ကန့်သတ်ချက်များကို အာဏာပိုင်များက စတင်ဖြေလျှော့ပေးနေပြီဖြစ်ကြောင်း သိရသည်။

Covid-19 ကန့်သတ်ချက်များကြောင့် တရုတ်နိုင်ငံတွင် တိန်အန်မင်ရင်ပြင် ဖြစ်ရပ်ဖြစ်ပြီး နောက်ပိုင်း ယခု ဖြစ်ပွားသည့် ဆန့်ကျင်ဆန္ဒပြမှုများသည် အပြင်းထန်ဆုံး ဆန္ဒပြမှုများအဖြစ် သမိုင်းဝင်ခဲ့သည်။ 

Guangzhou မြို့တွင် နိုဝင်ဘာလ (၂၉) ရက်နေ့၏ ညပိုင်းက COVID-19 ကန့်သတ်ချက်များကို ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့ခဲ့ကြပြီး ဖမ်းဆီးခံရသူများလည်း ရှိခဲ့သည်။ 

ထိုသို့ ထိပ်တိုက်တွေ့ခဲ့ပြီးနောက် နာရီပိုင်းအကြာ နိုဝင်ဘာလ (၃၀) ရက်နေ့တွင် Guangzhou မြို့ အာဏာပိုင်များက ကပ်ရောဂါဆိုင်ရာ စည်းမျဥ်းကန့်သတ်ချက်အချို့ကို ရုတ်တရက် ပယ်ဖျက်လိုက်သည်။

တရုတ်တွင် နေ့အလိုက် COVID-19 ကူးစက်မှုများ ဆက်တိုက် မြင့်တက်နေသော်လည်း ဆန္ဒပြမှုများ ပြင်းထန်လာခဲ့ပြီးနောက် အာဏာပိုင်များက ကန့်သတ်ချက်အချို့ကို ဖြေလျှော့ပေးလာခြင်း ဖြစ်သည်။ 

ကူးစက်မှုများ မြင့်တက်နေသည့် ရှန်ဟိုင်းနှင့် Guangzhou မြို့ရှိ ခရိုင်အများအပြားကို ဒီဇင်ဘာလ (၁) ရက်နေ့တွင် lockdown ကန့်သတ်ချက်များ ဖြေလျှော့ပေးခဲ့ကြောင်း သိရသည်။

ဘေဂျင်းမြို့တော်တွင်လည်း COVID-19 ကူးစက်ခံထားရပြီး ရောဂါလက္ခဏာ မပြင်းထန်သူများကို နေအိမ်၌သာ သီးခြားနေထိုင်ရန် ခွင့်ပြုခဲ့ကြောင်း Reuters သတင်းက ဖော်ပြသည်။ 

ယခုနှစ် အစောပိုင်းတွင်မူ ကူးစက်မှုတစ်ခု တွေ့ရှိရုံမျှဖြင့် အာဏာပိုင်များက အဆောက်အအုံများနှင့် ရပ်ကွက်များကို   lockdown လုပ်ခဲ့သည်။ 

ယခုအခါ ဘေဂျင်းနှင့် Guangzhou အပြင် ရှန်ဟိုင်းနှင့် Chongqing ကဲ့သို့ အဓိက မြို့ကြီးများတွင်လည်း COVID-19 စည်းမျဥ်းကန့်သတ်ချက်အချို့ကို ဖြေလျှော့ပေးလာကြောင်း သိရသည်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ Xinjiang နယ်မြေ Urumqi မြို့ရှိ အထပ်မြင့် လူနေအဆောက်အအုံတစ်ခုတွင် နိုဝင်ဘာလ (၂၄) ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့မှုအတွင်း လူ (၁၀) ဦး သေဆုံးခဲ့ပြီးနောက် သမ္မတရှီကျင့်ဖျင်နှင့် တရုတ်အစိုးရကို ဆန့်ကျင်ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ 

ထိုအဆောက်အအုံ မီးလောင်မှုတွင် lockdown စည်းမျဥ်းများကြောင့် ကယ်ဆယ်ရေးလုပ်ရန် နှောင့်နှေးကြန့်ကြာပြီး လူများ သေဆုံးခဲ့ရသည်ဟု ဆန္ဒပြသူများက ပြောဆိုကြသည်။

လူဦးရေ (၁.၄) ဘီလီယံရှိသည့် တရုတ်နိုင်ငံတွင် COVID-19 ကြောင့် သေဆုံးမှုမှာ အခြားနိုင်ငံများနှင့် နှိုင်းယှဥ်ပါက နည်းပါးသော ပမာဏဖြစ်ပြီး ယခုအချိန်အထိ သေဆုံးသူ (၅,၂၀၀) ကျော်ရှိခဲ့သည်။ 

သို့သော် တရုတ်အာဏာပိုင်များက ရောဂါထိန်းချုပ်တိုက်ဖျက်ရေးကို ပြင်းထန်တင်းကျပ်သော အစီအမံများဖြင့် ဆောင်ရွက်နေခဲ့သည်။ 

နိုဝင်ဘာလ (၃၀) ရက်နေ့၏ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံတွင် ကူးစက်မှုအသစ် (၃၆,၀၀၀) တွေ့ရှိရကြောင်းနှင့် ကူးစက်မှုများ ဆက်လက်မြင့်တက်နေကြောင်း သိရသည်။

Source: BBC, Reuters

Photo: REUTERS/Tingshu Wang,