ထိုင်းနိုင်ငံတွင် တရားမဝင်ဖွင့်လှစ်ထားသည့် နိုက်ကလပ် မီးလောင်မှု ဖြစ်ပြီး လူ(၁၄)ဦး သေဆုံးကာ (၄၀)နီးပါး ဒဏ်ရာရ

ထိုင်းနိုင်ငံတွင် တရားမဝင်ဖွင့်လှစ်ထားသည့် နိုက်ကလပ် မီးလောင်မှု ဖြစ်ပြီး လူ(၁၄)ဦး သေဆုံးကာ (၄၀)နီးပါး ဒဏ်ရာရ
By Mr John

ထိုင်းနိုင်ငံ ချောင်ဘူရီပြည်နယ်ရှိ နိုက်ကလပ်တစ်ခုတွင် ဩဂုတ်လ (၅) ရက်နေ့အကူး နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ (၁၄) ဦး သေဆုံးပြီး အခြား လူ (၃၈) ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

 Mountain B နိုက်ကလပ်နှင့် စားသောက်ဆိုင် အဆောက်အအုံအတွင်း စားသုံးသူများနှင့်ပြည့်နေစဥ် ဩဂုတ်လ (၅) ရက်နေ့အကူး ဒေသစံတော်ချိန် နံနက် (၁) နာရီခန့်က မီးလောင်မှု စတင်ဖြစ်ပွားခဲ့ကြောင်း Sawang Rojana Thammasathan ပရဟိတအဖွဲ့က ပြောသည်။

အဆောက်အအုံမှ မီးတောက်နှင့် မီးခိုးများထွက်နေစဥ် လူအများအပြား ဘေးလွတ်ရာထွက်ပြေးပြီး အော်ဟစ်နေကြသည်ကို ဗီဒီယိုမှတ်တမ်းတွင် တွေ့ရသည်။ 

လူအချို့မှာ ၎င်းတို့၏ ခန္ဓာကိုယ်တွင် မီးစွဲလောင်လျက်သား ထွက်ပြေးနေခဲ့သည်ကို တွေ့ရသည်ဟု Bangkok Post က ဆိုသည်။ 

မီးလောင်မှုဖြစ်ပွားခဲ့သည့် Mountain B နိုက်ကလပ်နှင့် စားသောက်ဆိုင်ကို တရားမဝင် တည်ဆောက်ခဲ့ပြီး လိုင်စင်မရှိဘဲ ဖွင့်လှစ်ထားကြောင်း ပြည်ထဲရေးဝန်ကြီး Anupong Paojinda က ပြောသည်။

မီးလောင်မှုဖြစ်ပွားခဲ့သည့် တစ်ထပ်အဆောက်အအုံ၏ရှေ့တွင် မီးလောင်ကျွမ်းထားသော အလောင်း (၄) လောင်း၊ အမျိုးသားသန့်စင်ခန်းအတွင်း အလောင်း (၃) လောင်း၊ DJ နေရာတွင် အလောင်းတစ်လောင်းနှင့် ငွေရှင်းကောင်တာတွင် အလောင်း (၅) လောင်း တွေ့ရှိခဲ့ရသည်။ 

ယခုမီးလောင်မှုအတွင်း သေဆုံးခဲ့သူအားလုံးမှာ ထိုင်းနိုင်ငံသားများဖြစ်သည်ဟု ယုံကြည်ရကြောင်း  Phlu Ta Luang ရဲတပ်ဖွဲ့အကြီးအကဲ ရဲဗိုလ်မှူးကြီး Wuttipong Somjai က ပြောသည်။

Mountain B နိုက်ကလပ်နှင့် စားသောက်ဆိုင်နေရာမှာ မြေ (၃) ဧကကျော် ကျယ်ဝန်ပြီး Sattahip ခရိုင် Sukhumvit လမ်းပေါ်တွင် တည်ရှိကြောင်း သိရသည်။ 

မျက်မြင်များ၏ ပြောကြားမှုအရ DJ စင်အနီး ပေါက်ကွဲသံ (၂) ကြိမ် ကြားခဲ့ရကြောင်းနှင့် အသံလုံ ရေမြှုပ်များ မီးစွဲလောင်ခဲ့ပြီး လျင်မြန်စွာ မီးကူးစက်လောင်ခဲ့သည်ဟု ဆိုသည်။

အဆောက်အအုံ၏ အမိုးတွင် မီးတောက်ကို မြင်ခဲ့ရကြောင်းနှင့် သူမနှင့်လုံခြုံရေးအစောင့်များက စားသုံးသူများကို အရှေ့တံခါးကနေ အပြင်ထွက်နိုင်ရေး လမ်းညွှန်ပြရန် ကြိုးပမ်းခဲ့ကြကြောင်း အသက် (၂၆) နှစ်အရွယ် Mountain B ၏ ကြီးကြပ်ရေးမှူး Thanyapat Sornsuwanhiran က ပြောသည်။ 

မီးလောင်မှုအတွင်း လူ (၄၀) ခန့် ဒဏ်ရာရခဲ့ကြောင်း ချောင်ဘူရီပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲ ရဲဗိုလ်ချုပ် Atthasit Kitjahan က ဆိုသည်။

အစိုးရအရာရှိများ၏ အဆိုအရ ဒဏ်ရာရသူ (၈) ဦးမှာ ၎င်းတို့၏ ခန္ဓာကိုယ်အနှံ့ မီးလောင်ခံခဲ့ရပြီး ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။ 

Mountain B နိုက်ကလပ်နှင့် စားသောက်ဆိုင်ကို လွန်ခဲ့သည့် တစ်လခန့်က ဖွင့်လှစ်ခဲ့ပြီး ဒေသခံ လူငယ်များကြား ရေပန်းစားနေသည်။ 

စားသုံးသူများက DJ တေးသံနှင့်အတူ ပျော်ရွှင်ကခုန်နေကြစဥ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဘေးလွတ်ရာသို့ ထွက်ပြေးကြရာမှ လူအုပ်စုကြီးဖြစ်ခဲ့သည်။

ယခုမီးလောင်မှုမှာ ၂၀၀၉ ခုနှစ် ဇန်နဝါရီလ (၁) ရက် နှစ်သစ်အကူးတွင် ဘန်ကောက်မြို့ရှိ Santika နိုက်ကလပ်နှင့် စားသောက်ဆိုင် မီးလောင်မှုကို ပြန်အမှတ်ရစေသည်ဟု ဆိုသည်။ 

ထိုမီးလောင်မှုကြောင့် လူ (၆၆) ဦး သေဆုံးပြီး အခြား လူ (၂၀၀) ကျော် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Source: Bangkok Post, AFP

Photo: Rescue Sattahip