ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ (KNU/KNLA-PC)၏ စစ်ရေးချုပ် သေဆုံး

ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ (KNU/KNLA-PC)၏ စစ်ရေးချုပ် သေဆုံး

 

NCA ငြိမ်းချမ်းရေးလက်မှတ်ထိုးထားသော KNLA/ PC အဖွဲ့မှ စစ်ရေးချုပ် ဗိုလ်ချုပ်စောအယ်ခူ ယနေ့ ၂၀၂၃ခုနှစ်၊ ဧပြီလ (၁၁)ရက်နေ့ နံနက်ပိုင်းက သေဆုံးသွားကြောင်း သိရသည်။

ထောလော့ရှိသူ၏ စခန်းတွင် ဗုံးပေါက်ကွဲမှုကြောင့် ခြေနှင့်လက်များ ပြတ်ထွက်ကာ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရပြီး ၎င်းကိုယ်တိုင် ဗုံးဖောက်ခွဲပြီး အဆုံးစီရင်သွားသည်ဟုလည်း သတင်းများထွက်ပေါ်နေသလို လုပ်ကြံခံရသည်ဟုလည်း ဒေသတွင်း၌ သတင်းအမျိုးမျိုးထွက်ပေါ်နေသော်လည်း မည်သို့ သေဆုံးသည်ကို Tachileik News Agency အနေဖြင့် အတည်မပြုနိုင်သေးပေ။

ပြီးခဲ့သည့်ရက်ပိုင်းက ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ (KNU/KNLA-PC) က ၎င်းတို့လက်အောက်ခံ ဗျူဟာမှူး (၁) ဦးနှင့် တပ်ရင်းမှူး (၁) ဦး တော်လှန်ရေးအဖွဲ့များနှင့်ပူးပေါင်းသွားသဖြင့် ၎င်းတို့ကို ထုတ်ပယ်ကြောင်း  (KNU/KNLA-PC)က သတင်းထုတ်ပြန်ခဲ့သေးသည်။

၎င်းထုတ်ပြန်ချက်တွင် ယခုသေဆုံးသွားသည့် KNU/KNLA -PC စစ်ရေးချုပ် ဗိုလ်ချုပ်စောအယ်ခူ က လက်မှတ်ထိုးခဲ့သေးသည်။

ထို့နောက် ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ (KNU/KNLA-PC)  နှင့် BGF တပ်များက KNU တပ်မဟာ (၇) နယ်မြေအတွင်း ပိတ်ဆို့ဝိုင်းဝန်းကာ တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းကြောင့် PDF ရဲဘော် ( ၅ )ဦးကျဆုံးခဲ့ရသေးသည်။